
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့အတွက် လွတ်လပ်စွာ ဆေးကုသခွင့်ရရေးနဲ့ အမြန်ပြန်လည်လွတ်မြောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် အာဆီယံနိုင်ငံတွေ ကူညီပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
အသက် ၈၀ ကျော်ပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတာ ၄ နှစ်နဲ့ ၈ လကျော်ပြီဖြစ်ပြီး လက်ရှိမှာလည်း နှလုံးရောဂါအခြေအနေ ဆိုးရွားလာပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ NLD က ထုတ်ပြန်ပါတယ်။
လက်ရှိမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရတာကြောင့် ဆေးကုသခွင့်နဲ့ အမြန်ပြန်လည်လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ကူညီပေးကြဖို့ မေတ္တာရပ်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တောင်းဆိုထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတယ်လို့ သားငယ်ဖြစ်သူ ကိုထိန်လင်းကလည်း ခုရက်ပိုင်းမှာပဲ ထုတ်ဖော်ပြောကြားထားပြီး ဆေးကုသမှုအတွက် တောင်းဆိုမှုတွေ လုပ်ထားပါတယ်။
မြေပြင်အကျဉ်းထောင် နဲ့ နီးစပ်သူတွေကို စုံစမ်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတစုံတရာမရဘဲ အဆက်အသွယ်ပြတ်နေတယ်လို့ ဆိုပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါ ဆိုးဝါးနေတဲ့အတွက် အထူးကုဆရာဝန်နဲ့ တွေ့ခွင့်မရတဲ့သတင်းနဲ့ ပတ်သက်ပြီး အခုလိုစိုးရိမ်စရာသတင်းတွေ ထွက်ပေါ်နေပေမဲ့ စစ်တပ်ဘက်ကတော့ မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားပါတယ်။