Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ဟု  စစ်ကောင်စီ ပြော
DVB
·
September 7, 2025

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါ ဆိုးဝါးနေတဲ့အတွက် အထူးကုဆရာဝန်နဲ့ တွေ့ခွင့်မရတဲ့သတင်းနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း  စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စက်တင်ဘာ ၆ ရက်က စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အပြန် နေပြည်တော်လေဆိပ်ကို ရောက်တဲ့အချိန်မှာ စစ်တပ်ဩဇာခံ မီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို မေးမြန်းတာမှာ အခုလို ဖြေတာဖြစ်ပါတယ်။

စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်ပြီး ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံကို ရောက်နေတဲ့အချိန်မှာ အချိန်ကိုက်ပဲ။ မီဒီယာတွေ အတော်တော်များများမှာ မြန်မာ့ခေါင်းဆောင် တက်ရောက်တယ်၊ မြန်မာ့ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေပေါ့လေ ပေါ်လာတယ်။ ပေါ်လာတဲ့အချိန်မှာ ဟိုဘက်က ဒီသတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတဲ့ သတင်းတခုကို ထုတ်လိုက်တာ ဖြစ်ပါတယ်။ သို့သော် သူတို့ ပြောတဲ့ဟာသည် မအောင်မြင်ပါဘူး။ ဒီသတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတယ်ဆိုပေမဲ့ အချိန်မီ ဖြေပေးခဲ့ပါတယ်။ ခုမီဒီယာတွေမှာ ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ဒီသတင်းသည် သတင်းတု၊ သတင်းမှား ဖြစ်ပါတယ်။ လုပ်ကြံတဲ့ သတင်းတခု ဖြစ်ပါတယ်။ ဒီခရီးစဉ်ကို မှေးမှိန်လိုတဲ့အတွက် မြန်မာနိုင်ငံကို မလိုလားတဲ့ တိုးတက်မှာကို မလိုလားတဲ့ သူတွေက ထုတ်လွှင့်တဲ့ ထုတ်လွှင့်ချက်ပဲဖြစ်ပါတယ်”လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါဆိုးဝါးစွာ ခံစားနေတဲ့အတွက် နှလုံးရောဂါအထူးကုဆရာဝန်နဲ့ ပြသဖို့ တောင်းဆိုတာကို စစ်ကော်မရှင်က ငြင်းဆန်တယ်လို့ သတင်းတွေထွက်လာသလို သားဖြစ်သူ ကင်အဲရစ်ကလည်း သူ့ရဲ့ လူမှုကွန်ယက်ကနေ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း ပြောဆိုထား ပါတယ်။

ယူကေအခြေစိုက် The Independent သတင်းစာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါ အခြေအနေ စိုးရိမ်ရတဲ့အကြောင်း စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး စက်တင်ဘာ ၄ ရက်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ အသက် ၈၀ ပြည့်ခဲ့ပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အမှုအမျိုးမျိုးနဲ့ စွပ်စွဲကာ ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားပါတယ်။

လတ်တလောအချိန်ထိ သူ့ကို ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသလို ထောင်ဝင်စာတွေ့ခွင့်လည်း မရဘဲ ရှေ့နေအဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီး စစ်အုပ်စုက အချိန်ကာလ နှစ်နဲ့ချီ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013