Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရေး လူထုလှုပ်ရှားမှုကမ်ပိန်း စတင်
DVB
·
September 7, 2025

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားလုံး လွတ်မြောက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိစေရေး လူထုလှုပ်ရှားမှု ကမ်ပိန်းကို မင်းသားဒေါင်းနဲ့ အလှမယ် ထားထက်ထက်တို့က စတင်လိုက်ပါတယ်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာတဲ့အတွက် စိုးရိမ်ကြောင်း သားငယ်ဖြစ်သူ ကင်အဲရစ် (ကိုထိန်လင်း) က ရုပ်သံဖိုင်နဲ့ ပြောဆိုခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်က နှလုံးအထူးကုဆရာဝန်ကို တွေ့ချင်ကြောင်း တောင်းဆိုထားပေမဲ့ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝ ရတယ်၊ မရဘူးဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလို့ ကိုထိန်လင်းက ပြောပါတယ်။ 

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးနဲ့ ဆေးဝါးလုံလောက်စွာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိစေရေး ဖယောင်းတိုင်ထွန်း လှုပ်ရှားတဲ့ ကမ်ပိန်းလေးတခုကို အနုပညာရှင် အလှမယ် ထားထက်ထက်က ဆစ်ဒနီမြို့မှာ စက်တင်ဘာ ၆ ရက်နေ့မှာ ကျင်းပတဲ့ DVB Peacock Film Festival မှာ လာရောက်ပြီး ပရိသတ်တွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။

အလှမယ် ထားထက်ထက်က “ကျမတို့ အမေစု ဆေးကုသစောင့်ရှောက်မှု အရေးပေါ် လိုနေပါတယ်။ နံပတ် ၂ ကတော့ အမေစုနဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် မတရား ချုပ်နှောင်ခံထားရသူတွေအားလုံး ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့နဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေ တက်ကြွလှုပ်ရှားသူတွေရော မြန်မာတိုင်းရင်းသားအားလုံးကပါ ပါဝင်ပေးကြစေလိုပါတယ်။ ဒီအကြောင်းကို Speak out လုပ်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ တဆက်တည်းမှာပဲ စစ်အာဏာရှင် ရှိနေသရွေ့ ဒီလိုကိစ္စရပ်တွေ ကြုံနေရဦးမှာပါ။ ဒါကြောင့် စစ်အာဏာရှင် ပျက်သုန်းရေးအတွက် တော်လှန်ရေးအတွက် အားလုံး တတပ်တအား ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။

အလားတူ လှုပ်ရှားမှုကိုလည်း ဩစတြေးလျနိုင်ငံ မဲဘုန်းမြို့မှာ စက်တင်ဘာ ၇ ရက်နေ့ ကျင်းပတဲ့ အနုပညာရှင် ဒေါင်းရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ ဖျော်ဖြေပွဲမှာလည်း မင်းသားဒေါင်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးနဲ့ ဆေးဝါးလုံလောက်စွာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ရရှိစေရေး တောင်းဆိုတဲ့ ကမ်ပိန်းကို ပရိသတ်တွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။

အနုပညာရှင်ဒေါင်းက “ဆုတောင်းပေးဖို့ ကျနော်တို့ တမိနစ်ဖြစ်ဖြစ် ငြိမ်သက်ပေးရအောင်…” လို့ ပြောပါတယ်။

အခုလို လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်က အနုပညာရှင် ဒေါင်းရဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲမှာ ဗွီဒီယို မက်ဆေ့ကတဆင့် ပြောကြားခဲ့ပါတယ်။

ကိုထိန်းလင်းက “အားလုံးပဲ မင်္ဂလာပါ။ မေမေ့ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံးရဲ့ ဆုတောင်းပေးမှုတွေနဲ့ အားပေးမှုတွေဟာ အခုလို ခက်ခဲတဲ့အချိန်မျိုးမှာ ကျနော့်ကို အားအင်တွေ ဖြစ်စေပါတယ်။ အထူးသဖြင့်တော့ မဲဘုန်းမြို့က ဂီတညပွဲမှာ မေမေ့အတွက် ဆုတောင်းမေတ္တာပို့သပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော်ဟာ အခုလိုမျိုး ခက်ခဲတဲ့ ကာလမျိုးတွေ အကြိမ်များစွာ ရှေ့မှာ ကြုံတွေ့ခဲ့ရပြီးပါပြီ။ ကြုံတွေ့ရတိုင်းမှာ မဖြစ်နိုင်ဘူးလို့ ခံစားခဲ့ရပေမယ့် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ညီညွတ်မှုတွေနဲ့ မင်းတို့ရဲ့ ထောက်ပံ့ပေးမှုတွေနဲ့လည်း ဒီတကြိမ်မှာလည်း ထပ်မံကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါ ဆိုးဝါးနေတဲ့အတွက် အထူးကုဆရာဝန်နဲ့ တွေ့ခွင့်မရတဲ့သတင်းနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း စစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၆ ရက်မှာ တုံ့ပြန်ထားပါတယ်။ 

သားငယ်ဖြစ်သူ ကိုထိန်လင်းကတော့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း အထောက်အထား ပြသဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအပြင် ခြွင်းချက်မရှိ လွှတ်ပေးရေးကို နိုင်ငံတကာ အသိုက်အဝန်းနဲ့ ကမ္ဘာ့တဝန်းက အစိုးရတွေ သံတမန်နည်းနဲ့ လှုပ်ရှားဆောင်ရွက်ပေးဖို့ကိုလည်း အရေးတကြီး တောင်းဆိုထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တာဖြစ်ပြီး အချိန် ၂ နှစ်ခွဲကျော် ပြင်ပနဲ့အဆက်အသွယ် ဖြတ်ခံထားရပါတယ်။

 မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013