
ပဲခူးတိုင်း၊ တောင်ငူမြို့နားမှာ အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၁ ရှိတဲ့ ငလျင်တခု ဒီနေ့ လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၇ ရက် မနက် ၉ နာရီ ၄၇ မိနစ်က အတောင်ငူမြို့ရဲ့ အနောက်မြောက်ဘက် ၁၀ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
မြေငလျင်တိုင်းတာစက်တွေကအသုံးပြုတဲ့ စကေးနဲ့ တိုင်းတာတဲ့ နည်းလမ်းတို့အပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ နည်းနည်းကွာခြားနိုင်သလို ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးတာတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့ရဲ့ အနောက်တောင်ဘက် ၉ မိုင်လောက်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၄ ဒသမ ၉ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်း မိုးလေဝသဌာနကလည်း ဒီမနက်အစောပိုင်း ၂ နာရီလောက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့ရဲ့ မြောက်ဘက်မှာ အင်အား ၂ ဒသမ ၇၊ မနက် ၃ နာရီခွဲလောက်က ရခိုင်ပြည်နယ်၊ ဂွမြို့ရဲ့ အရှေ့ဘက်မှာ အင်အား ၃ ဒသမ ၆၊ မနက် ၆ နာရီခွဲကျော်က မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့ရဲ့ အရှေ့ဘက်မှာ အင်အား ၃၊ မနက် ၈ နာရီခွဲက မန္တလေးတိုင်း၊ ကူမဲမြို့ရဲ့ အရှေ့ဘက်မှာ အင်အား ၂ ဒသမ ၈ ရှိတဲ့ ငလျင်တွေလှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။