
ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ တောင်ပိုင်း ကဆိုင်းပြည်နယ်မှာ စက်တင်ဘာ ၄ ရက်က အီဘိုလာဗိုင်းရပ်စ်ကို အတည်ပြုလိုက်ပြီးနောက် လူအသေအပျောက်များတဲ့ ကူးစက်မှုအသစ် ဖြစ်ပွားနေကြောင်း၊ လက်ရှိအချိန်ထိ သေဆုံးသူ ၁၅ ယောက်နဲ့ သံသယရှိသူ ၂၈ ယောက် ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။
ကွန်ဂို ကျန်းမာရေးဝန်ကြီး ဆမြူယယ် ရိုဂျာကွမ့်ဘာ က “စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ပြည်သူ့ကျန်းမာရေး၊ တကိုယ်ရေ သန့်ရှင်းရေးနဲ့ လူမှုဝန်ထမ်းဝန်ကြီးဌာန ကိုယ်စား ကဆိုင်းပြည်နယ် ဘူးလေ့ပ်ကျန်းမာရေးဇုန်မှာ ဇယ်ယာမျိုးစိတ် အီဘိုလာဗိုင်းရပ်စ်ပိုး ပြန်လည်ဖြစ်ပွားလာမှုကို တရားဝင်ကြေညာအပ်ပါတယ်” လို့ ပြောပါတယ်။
ဒါဟာ ဗဟိုအာဖရိကနိုင်ငံရဲ့ မှတ်တမ်းအရ ၁၆ ကြိမ်မြောက် အီဘိုလာရောဂါ ဖြစ်ပွားမှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဩဂုတ်လတုန်းက အဖျားကြီးခြင်းနဲ့ ထပ်ခါထပ်ခါ အော့အန်ခြင်း အပါအဝင် လက္ခဏာတွေနဲ့ ဆေးရုံတက်ခဲ့ရတဲ့ အသက် ၃၄ နှစ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ဆီမှာ ဗိုင်းရပ်စ်ပိုး ရှိနေကြောင်းကို အတည်ပြုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ရိုဂျာကွမ့်ဘာက ပြောပါတယ်။
သူ့ကိုယ်ဝန်ကလည်း ၃၄ ပတ် ရှိနေပြီး အဖျားတက်ခြင်း၊ သွေးဝမ်းလျှောခြင်းနဲ့ သွေးအန်ခြင်းတွေကြောင့် ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး ကံမကောင်းစွာနဲ့ပဲ နာရီအနည်းငယ် အကြာမှာ ကိုယ်တွင်းအင်္ဂါတွေ အတော်များများ ချို့ယွင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကံဆိုးချင်တော့ သူ့ကိုကုသပေးတဲ့ သူနာပြုနဲ့ ရောဂါပိုး နမူနာယူတဲ့ ဓာတ်ခွဲခန်းပညာရှင် အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်သားတချို့မှာလည်း တူညီတဲ့ ရောဂါလက္ခဏာတွေကို တွေ့ရှိခဲ့ရအပြီး နောက် ၄ ရက် အကြာမှာ သေဆုံးသွားခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
စုစုပေါင်း ဒီနေ့အတွက် ဘူးလေ့ပ် ကျန်းမာရေးဇုန်နဲ့ မူးအေ့ကာ ကျန်းမာရေးဇုန်တွေမှာ မှတ်တမ်း တင်ထားတဲ့ ကူးစက်မှုပေါင်း ၂၈ ခု ရှိပြီး၊ သေဆုံးသူ ၁၅ ယောက် ရှိတယ်လို့ အတည်ပြုထားကြောင်း ကွန်ဂို ကျန်းမာရေးဝန်ကြီး ဆမြူယယ် ရိုဂျာ ကွမ့်ဘာ က ပြောဆိုခဲ့ပါတယ်။
Source:Reuters