
မကြာသေးမီရက်ပိုင်းအတွင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းက ဘယ်နီနဲ့ လူဘယ်ရို ဒေသတွေမှာ IS စစ်သွေးကြွတွေက ကျောထောက်နောက်ခံပြုထားတဲ့သူပုန်တွေက အရပ်သား ၅၂ ယောက် ထက်မနည်းကို သတ်ခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
ကွန်ဂိုတပ်ဖွဲ့တွေကို ရှုံးခဲ့ရပြီးတဲ့နောက် မဟာမိတ်ဒီမိုကရက်တစ်တပ်ဖွဲ့ (ADF) သူပုန်တွေက အရပ်သားတွေကို လက်စားချေခဲ့တာလို့ ဒေသဆိုင်ရာ ကွန်ဂိုစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်ချုပ်ကြီး အီလွန်ဂိုက ပြောပါတယ်။
မေလီယာ တရွာတည်းမှာတင် အရပ်သား အယောက် ၃၀ လောက် သေခဲ့တယ်လို့ လူဘယ်ရို နယ်မြေထဲက စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အလိန်းကီဝီဝီက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ကုလသမဂ္ဂ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ တည်ငြိမ်ရေး လုပ်ငန်းတာဝန်အဖွဲ့ (MONUSCO) က ADF သူပုန်တွေရဲ့ သြဂုတ် ၉ ရက်ကနေ ၁၆ ရက်ကြား တိုက်ခိုက်မှုတွေကို အပြင်းထန်ဆုံး ရှုတ်ချတယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူက တနင်္လာနေ့မှာ ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေထဲမှာ အမျိုးသမီး ၈ ယောက်နဲ့ ကလေး ၂ ယောက် အပါအဝင် အရပ်သား ၅၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ပျောက်နေတဲ့သူတွေကို ဆက်ရှာနေလို့ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
Source: Reuters