
ကွန်ဂိုနိုင်ငံအရှေ့ပိုင်းရှိ ရွှေမိုင်းတူးဖော်ရေးဆိုက်တခုမှာ ဒီသီတင်းပတ်ကုန်က မိုင်းလမ်းကြောင်း တခု ပြိုကျသွားခဲ့လို့ မြေအောက်မှာ အရေအတွက် အတိအကျ မသိရတဲ့ မိုင်းလုပ်သား အများအပြား ပိတ်မိနေတာကြောင့် ဇူလိုင် ၂၂ ရက်က ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။
ဒီဖြစ်ရပ်ဟာ တနင်္ဂနွေနေ့တုန်းက တောင်ပိုင်းကီဗူးပြည်နယ်ရှိ လိုမယ်ဟာ အမည်ရှိ အသေးစား ရွှေသတ္တုတွင်းမှာ ဖြစ်ပွားခဲ့ပြီး အဲဒီနေရာဟာ အန္တရာယ်များတဲ့ လုပ်ငန်းခွင်အခြေအနေတွေကြောင့် လူသိများတဲ့ နေရာတခု ဖြစ်ပါတယ်။
တရားဝင် အရေအတွက်ကို ထုတ်ပြန်ခြင်း မရှိပေမယ့် လူပေါင်း ဒါဇင်ချီ ဘေးသင့် ထိခိုက်နိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေက ခန့်မှန်းကြပါတယ်။
မိုင်းတွင်းလုပ်သားတွေ မနက်ပိုင်း အလုပ်လုပ်နေတုန်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး တချို့မှာ မနေ့ညက တည်းက မြေအောက်မှာ ပိတ်မိနေခဲ့ကြကြောင်း မျက်မြင်သက်သေတွေက တနင်္လာနေ့မှာ ပြောပါတယ်။
မိုင်းတူးလမ်းကြောင်း တခုစီမှာ စက်တူးသမားနဲ့ လက်တူးသမားတွေ အပါအဝင် လုပ်သား အယောက် ၃၀ ကျော်အထိ ရှိနိုင်ပါတယ်။
လိုမယ်ဟာ ရွှေတွင်းမှာ ယာယီတဲတွေ၊ သဲအိတ်တွေနဲ့ အခြေခံမိုင်းတူးကိရိယာတွေ အများအပြား ရှိပါတယ်။ အခုဖြစ်ရပ်အတွက် ဒေသအာဏာပိုင်တွေက တရားဝင်ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Source:Reuters