Home
နိုင်ငံတကာ
ကွန်ဂိုသတ္တုတူးဖော်ရေးစခန်း၌ ကာလဝမ်းရောဂါ ကူးစက်
DVB
·
July 11, 2025
Photo :Reuters

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းက တောင်ကီဗူးပြည်နယ်မှာရှိတဲ့ ရွှေတွင်းတခုမှာ လူပေါင်း ၆၀၀ ကျော်ကို ကာလဝမ်းရောဂါ ကူးစက်ခဲ့ပြီး ဒေသတွင်း ကျန်းမာရေးဝန်ဆောင်မှုတွေကို လွှမ်းခြုံနေပါတယ်။

ပဋိပက္ခဖြစ်ခဲ့တဲ့ ကွန်ဂိုအရှေ့ပိုင်းမှာ ဆိုးရွားတဲ့ သန့်ရှင်းရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖော်ထုတ်ခဲ့တာပါ။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က လူဟီဟီသတ္တုတွင်းဇုန်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ လိုမေရာမြို့က သူတို့ရဲ့  ယာယီစင်တာမှာ လူနာ အယောက် ၆၀၀ ထက်မနည်းကို ကုသခဲ့ပြီး တခြားလူနာ ၃၅၀  ကျော်ကို ဆေးရုံတင်ထားရပါတယ်။

MSF ရဲ့ တောင်ကီဗူးပြည်နယ် ဆေးဘက်ဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာမာတေးဒဲ စီလီက “အကြီးမားဆုံးစိန်ခေါ်မှုက လူထုက အဆက်မပြတ် နေရာရွှေ့နေပြီး သောက်သုံးရေရရှိရေးကလည်း အဓိကစိန်ခေါ်မှု ဖြစ်နေတယ်။ တချို့က ညစ်ညမ်းတဲ့ အရင်းအမြစ်တွေကနေ ရေကို မဖြစ်မနေ ယူနေရတယ်” လို့ ပြောပါတယ်။

ညစ်ညမ်းတဲ့ရေနဲ့ အစားအစာတွေ စားလို့ ဖြစ်လာတဲ့ ဘက်တီးရီးယားပိုးမွှားကြောင့် ကာလဝမ်းရောဂါ ဖြစ်ပြီး မကုရင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်။

၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက ပြည်နယ်တဝန်း ရောဂါဖြစ်သူ အယောက် ၅,၃၆၀ နဲ့ သေဆုံးသူ ၂၈ ယောက် ရှိခဲ့ပြီး ကာတာနာ ကျန်းမာရေးဇုန်ရဲ့ ၉၀ ရာခိုင်နှုန်းက လိုမေရာမြို့ကနေ စပြီး ကူးစက်တာလို့ တောင်ကီဗူးပြည်နယ် ကျန်းမာရေးဌာနခွဲက ဒေါက်တာ ဂျပ်စတင် ဘန်ဂေဟယာက ပြောပါတယ်။

MSF စင်တာက လူနာတွေဟာ စောင့်ရှောက်မှုမခံယူမီ ပြင်းထန်တဲ့လက္ခဏာတွေ ပြခဲ့ပါတယ်။ သင့်လျော်တဲ့ မိလ္လာအခြေခံအဆောက်အအုံ၊ သန့်ရှင်းတဲ့ရေနဲ့ ရေရှည်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ မရှိလို့ ကာလဝမ်းရောဂါ ကူးစက်မှု ထပ်တလဲလဲ ဖြစ်နေတယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဒေါက်တာ စီလီက “အရေးပေါ်ကုသမှုက ဖြေရှင်းချက်ရဲ့ အစိတ်အပိုင်းတခုသာဖြစ်ပြီး  လိုအပ်တာက ဒီလိုနေရာမျိုးတွေကို ရောက်နိုင်တဲ့ တကယ့် ပြည်သူ့ကျန်းမာရေးစနစ်ပါပဲ” လို့  ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကွန်ဂိုအရှေ့ပိုင်းမှာ ကူးစက်ရောဂါအန္တရာယ်တွေ မြင့်တက်လာတယ်လို့ အချက်ပြခဲ့ပြီး ရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေပါတယ်။

အခုနှစ်အစောပိုင်းမှာ မြောက်ကီဗူးပြည်နယ်မှာလည်း တလအတွင်း ကာလဝမ်းရောဂါ ကူးစက်ခံ သံသယရှိသူ အယောက် ၆၀၀ ကျော်နဲ့ သေဆုံးသူ ၁၄ ယောက်ကို မှတ်တမ်းတင်ခဲ့ပါသေးတယ်။

တောင်ကီဗူးပြည်နယ်ရဲ့ လိုမေရာမြို့လို အလွတ်သဘော အခြေချနေထိုင်သူတွေ ကြားမှာလည်း အလားတူ လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ကူးစက်ရောဂါဖြစ်ပွားနေပေမဲ့ လက်လုပ်လက်စား သတ္တုတွင်းလုပ်သားတွေဟာ ကြမ်းတမ်းပြီး မသန့်ရှင်းတဲ့ အခြေအနေအောက်မှာ ရွှေကို ဆက်ရှာနေကြပါတယ်။

Source: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013