
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ M23 သူပုန်အဖွဲ့တို့ဟာ ကွန်ဂိုအရှေ့ပိုင်းမှာ တိုက်ပွဲများ အဆုံးသတ်ရေး အခြေခံမူတွေ ကြေညာချက်ကို ဇူလိုင် ၁၉ ရက် စနေနေ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဧပြီလမှာ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီးနောက်မှာ ကာတာနိုင်ငံမှာ လနဲ့ချီတဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းမှုအပြီးမှာ နှစ်ဘက်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပခဲ့တာပါ။
အသေးစိတ် အချက်အလက်တွေကို ညှိနှိုင်းဖို့ လိုအပ်သေးကြောင်း ဆွေးနွေးပွဲမှ သတင်းရင်းမြစ်တွေက ပြောကြပေမဲ့ ဒါဟာ တိုးတက်မှု လက္ခဏာတရပ်ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
မငြိမ်မသက်ဖြစ်နေတဲ့ ဗဟိုအာဖရိကနိုင်ငံမှာ တာရှည်ခံငြိမ်းချမ်းရေး သဘောတူညီချက်ကို အပြီးသတ်ဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးခဲ့ပါတယ်။
ထန်ထလွမ်၊ ရွှေ၊ ကိုဘော့၊ ကြေးနီ၊ လစ်သီယမ်နဲ့ တခြားသတ္တုတွေ ကြွယ်ဝတဲ့ဒေသဆီကို အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် က ပြောကြားခဲ့ပါတယ်။
ဆက်တိုက်အုံကြွမှုတွေ လုပ်ဆောင်လာအပြီးမှာ ရဝမ်ဒါက ထောက်ခံထားတဲ့ M23 သူပုန်အဖွဲ့ဟာ ဇန်နဝါရီလမှာ ကွန်ဂိုအရှေ့ပိုင်းက အကြီးဆုံးမြို့တော် ဂိုမာ ကို သိမ်းပိုက်ခဲ့ပြီး မြောက်ပိုင်း ကီဗူးနဲ့ တောင်ပိုင်း ကီဗူး ပြည်နယ်တွေထဲမှာ နယ်မြေတွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် အခုနှစ်အတွင်း လူပေါင်း ထောင်ချီ သေဆုံးခဲ့ပြီး သောင်းနဲ့သိန်းနဲ့ချီတဲ့ လူတွေ အိုးအိမ်မဲ့ဖြစ်ခဲ့ရကာ ဒေသတွင်းမှာ စစ်ပွဲတွေ ပြင်းထန်လာမယ့် အန္တရာယ်တွေလည်း တိုးလာနေပါတယ်။
တိုက်ခိုက်မှုတွေ စတင်လာချိန်မှာတော့ ကွန်ဂိုနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ အများအပြားဟာ ကွန်ဂိုအရှေ့ပိုင်းမှာ စစ်တပ်တွေကို ထားရှိခဲ့ပါတယ်။
Source: Reuters