
ကွန်ဂိုနိုင်ငံက တရားရေးဝန်ကြီးဟောင်းတယောက်ဟာ နိုင်ငံမြောက်ပိုင်းက ကီဆန်ဂနီမြို့မှာရှိတဲ့ အကျဉ်းထောင် တည်ဆောက်မှုအတွက် ရည်မှန်းထားတဲ့ ဒေါ်လာသန်းပေါင်းများစွာကို အလွဲသုံးစားလုပ်မှုနဲ့ တရားရုံးက စက်တင်ဘာ ၂ ရက်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။
ဝန်ကြီးဟောင်း ကွန်းစတန့် မူတမ်ဘာကို ထောက်ခံသူတွေက အသက် ၃၇ နှစ်အရွယ် နိုင်ငံရေးသမားအား ဖမ်းဆီးတာကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကွန်ဂိုမြို့တော် ကင်ရှာဆာမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး တရားရုံးက စီရင်ချက်ကို ရွှေ့ဆိုင်းဖို့ ဖိအားပေးခဲ့ကြပါတယ်။
သမ္မတ ဖီးလစ်ခ် ရှီဆေးကေဒီ လက်ထက် ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မူတမ်ဘာကို တရားစွဲဖို့ ကွန်ဂိုရှေ့နေချုပ်က မေလမှာ တရားဝင်ခွင့်ပြုခဲ့ပါတယ်။
မူတမ်ဘာက စွပ်စွဲချက်တွေကို ငြင်းဆိုနေချိန် ဒေါ်လာ ၁၉ သန်း အလွဲသုံးစားလုပ်မှုနဲ့ ပတ်သက်တဲ့ အမှုအတွက် ဇွန်လမှာ ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
စီရင်ချက်ကို ထုတ်ပြန်တဲ့ တရားရုံးက မူတမ်ဘာကို စီရင်ချက်ချပြီးတဲ့နောက် ငါးနှစ်ကြာ ရွေးကောက်ပွဲဝင်ခွင့်ကို ပိတ်ပင်ထားတယ်လို့ တရားသူကြီး ယက်ရှ် ကက်ဘာဇေလာက ပြောပါတယ်။
အခုနှစ်အစောပိုင်းမှာ မူတမ်ဘာဟာ M23 သူပုန်အဖွဲ့နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲခံထားရတဲ့ သမ္မတဟောင်း ဂျိုးဇက် ကာဘီလာကို စပြီး တရားစွဲဖို့ ကျောထောက်နောက်ခံ ပေးခဲ့ပါတယ်။
Source: Reuters