
ဆွီဒင်အသင်းဖော် အီဆက်ခ်ရဲ့ အပြောင်းအရွှေ့အပေါ် အာဆင်နယ်တိုက်စစ်မှူး ယိုကရက်စ်က ကာကွယ်ပြောသွားပါတယ်။
အီဆက်ခ်ဟာ လီဗာပူးအသင်းဆီပြောင်းရွှေ့ဖို့အတွက် နယူးကာဆယ်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခြင်းမရှိတော့ဘဲ အသင်းပြောင်းဖို့ အတင်းအကျပ်တောင်းဆိုခဲ့ပြီး အဆုံး သတ်မှာတော့ အသင်းပြောင်းရွှေ့ခွင့်ရခဲ့တာပါ။
ယိုကရက်စ်ဟာလည်း အာဆင်နယ်ဆီပြောင်းရွှေ့ဖို့ စပိုတင်းလစ္စဘွန်းနဲ့ အတိုက်အခံလုပ်ပြီး ပြောင်းရွှေ့လာခဲ့သူပါ။
ကစားသမားတွေအပေါ် ကလပ်အသင်းတွေဘက်က အခွင့်အာဏာပိုရှိသလို ပိုပြီးတော့လည်း ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ အသင်းပြောင်းရွှေ့နိုင်မှုအပေါ် အီဆက်ခ်အတွက် ဂုဏ်ယူကြောင်း ဗစ်တာယိုကရက်စ်က ပြောပါတယ်။
အီဆက်ခ်နဲ့ တွဲဖက်ပြီး ပွဲတွေအများကြီး မကစားရသေးပေမဲ့ တွဲဖက်ကစားတဲ့ပွဲတွေမှာ ၂ ဦးစလုံးက ဂိုးသွင်းနိုင်ခဲ့သလို တယောက်ကို တယောက်လည်း ဂိုးဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ အရည်အသွေးမြင့်ကစားသမားတွေ လိုအပ်ကြောင်း ယိုကရက်စ်ကပြောပါတယ်။
ဆွီဒင်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဆလိုဗေးနီးယား၊ ကိုဆိုဗိုအသင်းတွေနဲ့ အဝေးကွင်း ၂ ပွဲဆက် ကစားသွားရမှာ ဖြစ်ပါတယ်။
Photo: Reuters




