
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ကမ်းပြိုကျလာတာကြောင့် စာသင်ကျောင်း ၂ ကျောင်းကို အရေးပေါ် ဖျက်သိမ်းပြီး ပြောင်းရွှေ့ခဲ့ရတယ်လို့ ပညာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျတဲ့အတွက် စက်တင်ဘာ ၁ ရက်က ပခုက္ကူမြို့နယ်ထဲက သိမ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းနဲ့ ခြောက်ဦးသာကျေးရွာက အခြေခံပညာ အထက်တန်းကျောင်းခွဲတို့ကို ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရတာလို့ ဆိုပါတယ်။
ပညာရေးဌာနနဲ့ နီးစပ်သူတယောက်က “မပြောင်းရွှေ့ဘူးဆိုရင် တကယ့်ကို အန္တရာယ်ရှိတဲ့ အခြေအနေမို့ ပြောင်းရွှေ့လိုက်ရတာပါ။ အထက်တန်းကျောင်းခွဲနဲ့ မူလတန်းကျောင်း ဖြစ်ပါတယ်။ ဖျက်သိမ်းပြောင်းရွှေ့တာပါ” လို့ ပြောပါတယ်။
ပြောင်းရွှေ့ခဲ့ရတဲ့ စာသင်ကျောင်း ၂ ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေကို ပညာရေးဌာနနဲ့ ဆက်စပ်အဖွဲ့အစည်းတွေက ယာယီစာသင်ကျောင်းဆောင် ပြုလုပ်ပြီး စာသင်ကြားရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အန္တရာယ်ရှိတဲ့အဆင့်မို့ ရွှေ့ပြောင်းလိုက်တာက အကောင်းဆုံးပဲလေ။ ပြီးခဲ့တဲ့ ရက်က ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး အခုရေပြန်ကျတော့ ကမ်းပါးကို တိုက်စားလာပြီး ကမ်းပြိုကျတာက စာသင်ကျောင်းအနားအထိ ရောက်လာတာ။ ဆိုးဆိုးရွားရွားကို ကမ်းပြိုကျနေတာ” လို့ ပြောပါတယ်။
ကမ်းပါးပြိုကျမှုကြောင့် စာသင်ကျောင်း အရေးပေါ် ဖျက်သိမ်းပြောင်းရွှေ့ရေးလုပ်ငန်းကို ကူညီကယ်ဆယ်ရေးအဖွဲ့ ပညာရေးဌာန၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အရပ်သားတွေက စုပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
လက်ရှိ ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရတဲ့ စာသင်ကျောင်း ၂ ကျောင်းဟာ ၂၀၂၄ ခု ဇူလိုင်နဲ့ သြဂုတ်လက မြစ်ရေ မြင့်တက်မှုကြောင့် တပတ်ခန့် ပိတ်ခဲ့ရသေးတယ်လို့ သိရပါတယ်။