Home
မြန်မာသတင်း
လေးမျက်နှာတွင် စာသင်ကျောင်းအနီး ဒရုန်းဗုံးပေါက်ကွဲပြီးနောက် ဒေသခံ ၁၁ ဦး ဖမ်းခံရ
DVB
·
August 31, 2025

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတာနဲ့ ပတ်သက်လို့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၁၁ ယောက်ကို စစ်တပ်နဲ့ရဲက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၂၇ ရက် မနက်ပိုင်းက လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာ စာသင်ကျောင်းနားမှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲတာနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး အမျိုးသမီးတွေအပါအဝင် ဒေသခံ ၁၁ ယောက်ကို ၂၈  ရက်၊ ၂၉ ရက်နဲ့ ၃၀ ရက်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “စာသင်ကျောင်း ဗုံးကျ ပေါက်ကွဲတာနဲ့ပတ်သက်ပြီး ဖမ်းဆီးထားတာ။ မသင်္ကာလို့ စစ်ဆေးဖို့ဆိုပြီး ခဏခဏ ဖမ်းလိုက် လုပ်နေတာ။ စစ်တပ်နဲ့ ရဲတွေက ဖမ်းတာ ဒီနေ့အထိ ပြန်လွတ်လာတဲ့သူတယောက်မှ မရှိသေးဘူး” လို့ ပြောပါတယ်။

ဒေသခံတွေဖြစ်တဲ့ မသူဇာ၊ မမြင့်မြင့်လေး၊ ဒေါ်ခိုင်ခိုင်သင်း၊ ဒေါ်ဝင်းမြင့်၊ ကိုမင်းသူ၊ ကိုချစ်ကို၊ ကိုရဲသူရိန်၊ ဒေါ်ခင်နှောင်း အပါအဝင် ၁၁ ယောက်ကို စစ်တပ်နဲ့ ရဲက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “စာသင်ကျောင်းအနီး ဗုံးပေါကွဲမှု ဖြစ်ပြီးကတည်းက အရပ်သားတွေကိုပဲ စစ်တပ်နဲ့ရဲက မဲနေတာ။ ဖမ်းထားတာလည်း မနည်းတော့ဘူး။ အဖမ်းခံရသူတွေက အကုန် အရပ်သားတွေချည်းပါပဲ။ ရဲစခန်းမှာလို့ သိရတယ်” လို့ ပြောပါတယ်။

ယင်းဆယ်ကျေးရွာ စာသင်ကျောင်းနားမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲလို့ ကျောင်းဆရာမတချို့နဲ့ ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တချို့ကျောင်းသားတွေကတော့ လက်ရှိအချိန်အထိ ဆေးကုသနေရတယ်လို့ သိရပါတယ်။

အဲဒီ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်၊ ရဲတွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန့်ဇော်၊ စာရေး မျိုးမင်း၊ ပြည်သူ့စစ်တွေက ယင်းဆယ်ကျေးရွာအဝင်လမ်းကို သြဂုတ် ၃၁ ရက်နေ့အထိ အဝင်အထွက် ပိတ်ထားပြီး စစ်ဆေးနေတယ်လို့သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013