
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ရောက်ရှိနေတဲ့ စစ်ရှောင်တွေအား ဧရာဝတီတိုင်းဝန်ကြီးချုပ်က အိမ်ထောင်တစုကို ငွေကျပ် ၆ သောင်း ထောက်ပံ့ပေးအပ်ပွဲအား ဩဂုတ် ၁၈ ရက်က အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
ဟင်္သာတခရိုင်၊ ကွင်းကောက်ဒေသ၊ ကွင်းကောက်မြတ် ဓမ္မရောင်ခြည်ဓမ္မဗိဗ္မာန်မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းက အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာပြည်သူတွေအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံမှ ထောက်ပံ့ပွဲ ပြုလုပ်ပြီး၊ လေးမျက်နှာမြို့နယ်ရှိ စစ်ရှောင်တွေကို စက်တင်ဘာလမှာ နေရပ်ပြန်ဖို့ ပြောကြားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လေးမျက်နှာမြို့နေထိုင်သူ တယောက်က “စစ်ဘေးရှောင်ထောက်ပံ့တာဆိုပြီး ကိုယ်ဒေသပြန်ဖို့ လေးမျက်နှာမြို့နယ်မှ စစ်ဘေးရှောင်တွေကို ပြောတာ။ အခု သူတောင် လေးမျက်နှာလာပြီး ထောက်ပံ့တာမလုပ်ရဲဘူး၊ ကွင်းကောက်မှာ လုပ်တာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းတက်ကြွသူတယောက်က “အိမ်ထောင်စုအလိုက်ပေးတာလည်းပြောတယ်၊ တချို့က တယောက် ၆ သောင်း ရတယ်ပြောတယ်။ အဓိက စည်းရုံးရေး လုပ်တာပါ။ သူတို့လေကြောင်းပစ်လို့ ထိခိုက်ထွက်ပြေးရတာ” လို့ ပြောပါတယ်။
စက်တင်ဘာ ၅ ရက်အထိ ပန်းတောကြီးကနေ ပိန္နဲကွင်းထိ ကားလမ်းတလျှောက်မှ စစ်ဘေးရှောင်တွေ နေရပ်ပြန်ရမယ်ဆိုပြီး စစ်တပ်က အတင်းဖိအားပေး ပြောဆိုကြောင်း စစ်ရှောင်တွေဆီက ရပါတယ်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းနဲ့ အင်္ဂပူမြို့နယ်တွေမှာ အာက္ခရတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ ၂၀၂၅ ခုနှစ် အစမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရအဖွဲ့တွေဆီက သိရပါတယ်။