
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကနေ အနောက်ခြမ်းကို စစ်ရှောင်လာတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ၄ ယောက်ကို သတ်ဖြတ်လိုက်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
သြဂုတ် ၈ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ လူ ၁၅ ယောက်ပါတဲ့ စစ်ရှောင်ကားဟာ ဒီးမော့ဆိုအရှေ့ကနေ အနောက်ကို စစ်ရှောင်ချိန် စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးပြီး သတ်လိုက်တာလို့ ဆိုပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “မနေ့ကအထိ ၂ ယောက် ပစ်ခတ်သတ်ဖြတ်ခြင်းခံရတယ်။ အခုကျ အကုန်လုံးပေါင်းလိုက်ရင် ၄ ယောက်လို့ပြောနေကြတယ်။ ကျား၊ မ အတည်မပြုနိုင်သေးဘူး။ အများစုကတော့ အမျိုးသားတွေဖြစ်မယ်လို့ ခန့်မှန်းရတယ်။ ၁၅ ဦးဖမ်းဆီးခံရတယ်၊ အခုလောလောဆယ် ၄ ယောက် သတ်ဖြတ်ခံရတယ်လို့ အကြမ်းဖျင်းပြောလို့ရတာပေါ့နော်” လို့ ပြောပါတယ်။
၁၅ ယောက်ထဲက ၄ ယောက်ကို ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး ကျန်တဲ့သူတွေကို ပြန်လွှတ်တယ်လို့ ကနဦးသိရပေမယ့် အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ဖြစ်စဉ်ကိုသိသူတယောက်က “ပြန်လွတ်တဲ့ထဲက မဒေါ်တယောက် ဘယ်သူနဲ့မှ စကားမပြော ကြောင်တောင်တောင်ကြီးဖြစ်ပြီး နှလုံးအမောဖောက်လို့ ဆေးရုံတင်ထားရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ်က ဒေါငံခါး၊ ကုန်းသာရွာနဲ့ ငွေတောင်ဆည်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေပြီး ဒီးမော့ဆိုအရှေ့နဲ့ အနောက်ကို စစ်ကြောင်းထိုးဖို့ ပြင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့ ညနေမှာလည်း ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် ဒဏ်ရာရပြီး နေအိမ်နဲ့ ကျောင်းဆောင်အနည်းငယ် ပျက်စီးရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။