
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ကို ရောက်နေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းက တအိမ်ထောင်ကျပ် ၂၀,၀၀၀ ပေးပြီး ရွေးကောက်ပွဲမှာ မဲထည့်ဖို့ စည်းရုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၁၇ ရက်က ကန်ကြီးထောင့်မြို့နယ် ဧရာသီရိသုခခန်းမမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စစ်ဘေးရှောင်အိမ်ထောင်စု ၈၀ ကျော် လူအယောက် ၂၇၀ လောက်ကိုတွေ့ဆုံပြီး တအိမ်ထောင်ကျပ် ၂၀၀၀၀ ပေးပြီး စစ်တပ်က လုပ်ပေးမယ့် ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲထည့်ကြဖို့ စည်းရုံးပြောဆိုခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသမီး တယောက်က” ဦးတင်မောင်ဝင်း(ဝန်ကြီးချုပ်) က မှတ်ပုံတင်တွေရအောင် လုပ်ပေးမယ်၊ ရောက်တဲ့နေရာတွေမှာ မဲပေးရအောင် လုပ်ပေးမယ်ပြောပြီး ငွေပေးတာ။ ငွေ ၂၀,၀၀၀ ပေးပြီး စစ်ဘေး ဒုက္ခသည်ကို ထပ်ဒုက္ခပေးတာပေါ့။ ငွေထောက်ပံ့မယ်ဆိုတော့ များများ စားစားလားပေါ့သွားတာ။ အုပ်ချုပ်ရေးမှူးတွေက ခေါ်တော့သွားတာ။ မဲထည့်ဖို့ပဲ အဆွယ်ခံရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းက အရပ်သားတွေ အခုလို စစ်ဘေးရှောင်ရတာဟာ PDF တွေနဲ့ AA တပ်တွေကြောင့်လို့ စွပ်စွဲပြောဆိုခဲ့ပြီး တိုင်းပြည်ကို အမှန်တကယ် ဦးဆောင်မှု ကောင်းကောင်းပေးမယ့် ပါတီကိုမဲပေးဖို့ ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကန်ကြီးထောင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ဦးဆောင်မှု ကောင်းကောင်းပေးမယ့် ပါတီမဟုတ်ပါဘူး။ ကြံ့ခိုင်ရေးပါတီကို မဲပေးခိုင်းတာပါ။ ပါတီနာမည်သာ ထုတ်မပြောသွားတာ။ ဝန်ထမ်းတချို့နဲ့တွေ့တော့ ပါတီနာမည်ပါ ထည့်ပြောသွားတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ဘေးရှောင်အိမ်ထောင်စု ၈၀ ကျော်၊ လူ အယောက် ၂၆၀ ဟာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲကြောင့် တိမ်းရှောင်လာတဲ့ လေးမျက်နှာ၊ အင်္ဂပူနဲ့ ရခိုင်ပြည်နယ်က ဒေသခံလို့ ဆိုပါတယ်။