Home
မြန်မာသတင်း
လေးမျက်နှာတွင် စာသင်ကျောင်းအနီး ဗုံးကျပေါက်ကွဲမှုကြောင့် ၁၅ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
August 29, 2025

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ထဲက ယင်းဆယ်ကျေးရွာ စာသင်ကျောင်းအနီးကို ဒရုန်းဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းဆရာမနဲ့ ကျောင်းသား ကျောင်းသူတွေ အပါအဝင် ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၂၇ ရက် မနက် ၁၀ နာရီခွဲခန့်က ယင်းဆယ်ကျေးရွာ စာသင်ကျောင်းအနီးကို ဒရုန်းဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသား ကျောင်းသူ ၁၃ ယောက်၊ ကျောင်းသားမိဘတယောက်နဲ့ ကျောင်းဆရာမတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မြေပြင်ဖြစ်စဉ်ကို သိရှိသူတယောက်က “ဒဏ်ရာနည်းနည်းပြင်းတဲ့ ကျောင်းသား ၃ ယောက်လောက် ပါတယ်။ အခု အိုင်သပြုဆေးရုံမှာ တင်ထားရပါတယ်။ ဆရာမကတော့ ဘာမှမဖြစ်ပါဘူး။ ကျောင်းလာပို့တဲ့ မိဘတယောက် အပါအဝင် ၁၅ ယောက်လောက်ပေါ့။ သေဆုံးမရှိတာဘဲ ကံကောင်းတာပြောရမှာ” လို့ ပြောပါတယ်။

အဲဒီ ဒရုန်းဗုံးကျရောက်ပေါက်ကွဲတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စိုးရိမ်တဲ့ ကျောင်းသားမိဘတွေက ကလေးတွေကို ကျောင်းကနေ လာခေါ်တဲ့အထိ ဖြစ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်ရဲ့ မျက်နှာကျက်တွေ၊ တံခါးမှန်တွေ ကွဲကျ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ အရပ်သား အမျိုးသမီးတယောက်က “စိုးရိမ်တာပေါ့နော်၊ ကလေးတော်တော်များများ ထိခိုက်ကုန်တာလေ။ လုံးဝ ဗုံးကျတဲ့နေရာမှာသာ ကလေးတွေရှိနေရင် အကုန်သေမှာ သေချာတယ်။ အခု ဒဏ်ရာရတဲ့ ကလေးတွေကလည်း မစိုးရိမ်ရဘူးလို့ သိရတယ်။ ကျောင်းဆောင်ကတော့ မနည်းပျက်စီးသွားတာ” လို့ ပြောပါတယ်။

အဲဒီ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့ PDF နဲ့ AA အဖွဲ့တို့ဘက်က လုပ်ဆောင်တာလို့ စွပ်စွဲထားပြီး သြဂုတ် ၂၉ ရက်အထိ ဘယ်အဖွဲ့ကမှ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အဲဒီ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတဲ့ ယင်းဆယ်ကျေးရွာကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး စစ်ကောင်စီက စာသင်ကျောင်း ဖွင့်လှစ်ပေးထားကာ ရပ်ရွာထဲမှာ စစ်ကောင်စီတပ်အပြင် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိဘူးလို့ ဒေသခံ အရပ်သားတွေက ဆိုပါတယ်။

အဲဒီ ပေါက်ကွဲမှုဖြစ်တဲ့ ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ယာယီစခန်းချ စစ်ဆေးနေပြီး အရပ်သားတွေက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013