
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တို့ စက်တင်ဘာ ၁ ရက် မနက်ပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုလဲမြို့ပေါ်က စစ်တပ်တွေ ပုလဲမြို့အနောက်ကို စစ်ကြောင်းထွက်လာတာကြောင့် အခုလို တိုက်ပွဲဖြစ်ပွားရတာလို့လည်း သိရပါတယ်။
မြကုန်းရွာသားတယောက်က “မနက်ပိုင်း ၈ နာရီက စတင်ပြီး တိုက်ပွဲဖြစ်တာဗျ။ တိုက်ပွဲက အတော်လေးကိုကြာတယ်။ ကျနော်တို့ ရွာသားတွေကတော့ စစ်ကြောင်းထွက်လာပြီလို့ သတင်းရတာနဲ့ ရွာထဲကနေ ထွက်ပြေးခဲ့ကြရတာပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကန့်ဒေါင့်ရွာစခန်း စွန့်လွှတ်လိုက်ရတဲ့ ဇွန် ၁၉ ရက်ကတည်းက စတင်ပြီး ပုလဲမြို့နယ်အတွင်းကို စက်တင်ဘာ ၁ ရက်အထိ မြေပြင်စစ်ကြောင်းထိုးတာ၊ အထိုင်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေဆီ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာနဲ့ ကျေးရွာတွေကို မီးရှို့တာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒေသခံတော်လှန်ရေးခေါင်းဆောင်တယောက်က “ဒီနေ့ကတော့ ကျနော်တို့ ပုလဲမြို့ရဲ့အနောက်ဘက် မြကုန်းရွာကြားမှာ ပုလဲကထွက်လာတဲ့ စစ်ကြောင်းကို အရင်ဆုံး မိုင်းဆွဲတိုက်ခိုက်တယ်။ ပြီးမှ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်။ စစ်တပ်စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲ တိုက်ပွဲဖြစ်ပွားရာ နေရာမှာပဲ ရှိနေသေးတယ်ဗျ။ ဒီစစ်ကြောင်းက ကုက္ကိုကုန်းရွာမှာ အထိုင်ချထားတဲ့ စစ်ကြောင်းဆီသွားမယ်လို့ ကျနော်တို့ ခန့်မှန်းထားတယ်ဗျ။ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ အကျအဆုံး မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိဘူး။ စစ်ရေးကတော့ တင်းမာနေဆဲလို့ပဲ ပြောရမယ်” လို့ ပြောပါတယ်။
စစ်တပ်က ပုလဲမြို့နယ်အတွင်း မင်းတိုင်ပင်ရွာမှာ စစ်ကြောင်းတကြောင်း၊ ကုက္ကိုကုန်းရွာမှာ စစ်ကြောင်းတကြောင်း၊ လက်ပုကန်ရွာမှာ စစ်ကြောင်းတကြောင်း၊ နှောကန်မှာ စစ်ကြောင်းတကြောင်း၊ ကန့်ဒေါင့်ရွာမှာ စစ်ကြောင်းတကြောင်း စုစုပေါင်း စစ်ကြောင်း ၅ ကြောင်းနဲ့ မြေပြင်စစ်ကြောင်း ထိုးနေတာကြောင့် ပြည်သူသောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
စက်တင်ဘာ ၁ ရက် နေ့ခင်းပိုင်းမှာလည်း ပုလဲမြို့နယ် တနေရာကို စစ်တပ်က လေကြောင်းကနေ ပေါင် ၃၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်သွားပြီး အထိအခိုက် အပျက်အစီး အကျအဆုံးတော့ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။