
မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ကျောက်စိမ်းဘုရားအနီးက စားသောက်ဆိုင်တဆိုင်ကို စက်တင်ဘာ ၁ ရက် ဒီမနက် ၆ နာရီ ၄၅ မိနစ်ခန့်က ဆီဘောက်ဆာကား ဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံ လူမှုကူညီရေးအသင်းဝင်တွေထံကနေ သိရပါတယ်။
ကျောက်စိမ်းဘုရားအနီးရှိ “ကောင်းကောင်းနန်းတော်” စားဥယျာဥ်ကို ဆီဘောက်ဆာကား ဝင်တိုက်မိပြီးနောက် မီးလောင်မှုဖြစ်ခဲ့ပြီး လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တယောက်က “မီးငြှိမ်းပြီးတော့ အထဲကို ဝင်ပြီးစစ်ဆေးလိုက်တော့ သေဆုံးနေတဲ့ ရုပ်အလောင်း ၃ ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဆုံးရှုံးမှုတန်ဖိုး ပမာဏကိုတော့ မသိရသေးဘူး။ ဆက်လက်စစ်ဆေးနေတုန်းပါ” လို့ ပြောပါတယ်။
မီးလောင်ပျက်စီးခဲ့တဲ့ စားသောက်ဆိုင်ကို ဖယ်ရှားရှင်းလင်းနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိမရှိကို စစ်ဆေးနေကြောင်း၊ သေဆုံးသူတွေကို ဒေသခံ လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။