
မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၅ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီမီးလောင်မှုဟာ မနေ့ သြဂုတ် ၁၃ ရက် မနက် ၉ နာရီကျော်က အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက်မှာရှိတဲ့ ဒေါ်နန္ဒာလင်းရဲ့ နေအိမ်ကနေ စတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ တခြားအိမ်တွေကိုပါ ထပ်မံကူးစက် လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူက “ဒေါ်နန္ဒာလင်း ဆိုသူ နေအိမ်က မိန်းလျှပ်စစ်ခုံ ရှော့ခ်ဖြစ်ပြီး မီးလောင်မှု စတင်ဖြစ်တာပါ။ အိမ်ဘေးထရံကနေ မီးလောင်အားကောင်းပြီး တခြားအိမ်တွေကို မီးကူးပြီး လောင်သွားတာ” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုကြောင့် အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက်၊ တိုးချဲ့ ၂ ရပ်ကွက်က ဒေါ်နန္ဒာလင်းရဲ့ ၃၈ ပေ၊ ၁၅ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် အပါအဝင် နေအိမ် ၃ လုံး၊ ၂ ထပ်တိုက်တလုံး၊ မြေစိုက် တထပ်နေအိမ်တလုံး စုစုပေါင်း နေအိမ် ၅ လုံးနဲ့ ဂိုဒေါင်တလုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးသတ်ရာမှာ ပါဝင်သူတယောက်က “အိမ် ၅ လုံး မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်။ လူတွေ ထိခိုက်တာမရှိဘူး။ ဂိုဒေါင်တလုံးလည်း မီးလောင်တဲ့အထဲ ပါတယ်။ အချိန်ပေးပြီးတော့ မီးငြှိမ်းသတ်ခဲ့ရတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကို တိုင်းမီးသတ်ဦးစီးဌာနနဲ့ မြို့နယ်မီးသတ်ဦးစီးဌာနက သန္ဓေတပ်ဖွဲ့ဝင် အယောက် ၃၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၇၀ က အုပ်ချုပ်မှုယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၅ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး အသုံးပြုပြီး အချိန် ၃၅ မိနစ်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ စတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဒေါ်နန္ဒာလင်းကို အမရပူရ မြို့မရဲစခန်းကနေ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။