
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ ၁၁ မှာ ညီအစ်ကိုချင်း စကားများ ရန်ဖြစ်ပြီး မီးရှို့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။
သြဂုတ် ၁၁ ရက် ဒီနေ့မနက် ၃ နာရီလောက်က ရမ်ပူရပ်ကွက်၊ နယ်မြေ ၁၁၊ ဘုရင့်နောင်လမ်းထဲက နေအိမ်တလုံးမှာ ငှားရမ်းနေထိုင်နေတဲ့ ညီအစ်ကို ၂ ယောက် စကားများ ရန်ဖြစ်ပြီး အိမ်ထဲမှာရှိနေတဲ့ မီးခြစ်နဲ့ မီးရှို့ခဲ့က အနီးရှိ ထရံကို မီးစတင်ကူးစက်ပြီး တခြားအိမ်တွေပါ ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
မီးသတ်ဌာနနဲ့ နီးစပ်သူက “စကားများပြီး ကိုယ်နေတဲ့အိမ် ကိုယ့်ဘာသာ မီးပြန်ရှို့ရင်းကနေ ဆင့်ပွားမီးလောင်မှု ဖြစ်တာ။ စကားများဖြစ်သူတွေက ညီအစ်ကိုအရင်းတွေပါ။ မီးရှို့တဲ့သူက မျိုးမင်းဆိုသူပါ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် အလျား ၃၀ ပေ အနံ ၂၀ ပေ၊ သွပ်မိုး ထရံကာ ပျဉ်ခင်း ၂ ထပ်အိမ် ၁ လုံး၊ အလျား ၁၈ ပေ အနံ ၁၈ ပေ၊ သွပ်မိုး ထရံကာ ပျဉ်ခင်း ၂ ထပ်အိမ် ၁ လုံးနဲ့ အလျား ၁၈ ပေ အနံ ၁၈ ပေ၊ သွပ်မိုး ထရံကာ ပျဉ်ခင်း ၂ ထပ်အိမ် ၁ လုံး စုစုပေါင်း လူနေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မီးလောင်အားကောင်းလို့ ဆင့်ပွားကူးစက်သွားတာပါ။ လူနဲ့ တိရစ္ဆာန် ထိခိုက်တာမရှိဘူး။ မီးသတ်အဖွဲ့တွေ၊ လူမှုကူညီရေးအဖွဲ့တွေ၊ ရပ်ကွက်က ပြည်သူတွေ ပေါင်းပြီးမှ မီးငြှိမ်းသတ်ခဲ့ကြရတယ်” လို့ ပြောပါတယ်။
အဲဒီမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၆ ယောက်၊ အရန်အဖွဲ့ ၁ ယောက်နဲ့ လူမှုကူညီရေးအဖွဲ့တွေ၊ ဒေသခံ အရပ်သားတွေက မိနစ် ၄၀ ခန့်လောက် ပူးပေါင်း မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မီးလောင်မှုနဲ့ပတ်သက်လို့ မီးစရှို့ခဲ့တဲ့ မျိုးမင်း ဆိုသူကို မြစ်ကြီးနား နယ်မြေရဲစခန်းမှာ (ပ) ၁၅၀/၂၀၂၅ ပုဒ်မ-၄၃၆ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။