
ရန်ကုန်မြို့က ဘားနဲ့ စားသောက်ဆိုင်တချို့ရဲ့ ညအချိန်မတော်အထိ တီးခတ်၊ သီဆိုနေတဲ့ သီချင်းသံတွေကြောင့် အနီးအနား နေထိုင်သူတွေ အဆင်မပြေဖြစ်နေကြတယ်လို့ ကိုယ်တိုင်ကြုံနေရသူတချို့က ပြောပါတယ်။
အာဏာသိမ်းကာလအတွင်း ရန်ကုန်မြို့မှာ စားသောက်ဆိုင်အရေအတွက် တိုးလာသလို တီးဝိုင်းအဖွဲ့တွေ ငှားရမ်းခေါ်ယူပြီး အပြိုင်အဆိုင် သီဆိုဖျော်ဖြေနေကြတာပါ။
အဲဒီတီးဝိုင်းတွေ ထည့်သွင်းလာပေမဲ့ အသံမလုံဘဲ ပတ်ဝန်းကျင်အထိပါ ကျယ်လောင်တဲ့အသံတွေ ကြားရတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေသူတယောက်က ပြောပါတယ်။
“ည ၁၀ နာရီ ၁၁ နာရီလောက်အထိ သီချင်းသံတွေက အတိုင်းသား ကြားနေရတာ။ အလုပ်ကိစ္စရှိလို့လည်း ဖုန်းအေးအေးဆေးဆေး ပြောမရဘူး။ သူတို့စီးပွား သူတို့လုပ်တာ မပြောလိုဘူး၊ ပတ်ဝန်းကျင်မထိခိုက်အောင်တော့ ပြင်ဆင်ထားရမှာလေ။”
ရန်ကုန်မြို့မှာ အာဏာသိမ်းကာလအတွင်း ဘီယာဆိုင်အသစ်တွေ တရှိန်ထိုး များလာခဲ့ပြီး ဆိုင်အများစုက အပြိုင်ဆွဲဆောင်တဲ့အနေနဲ့ တီးဝိုင်းအဖွဲ့ငယ် (Band) တွေ ထည့်လာကြတာလို့ အဲဒီဆိုင်တွေမှာ ပုံမှန်ထိုင်လေ့ရှိသူတွေက ဆိုပါတယ်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်းအနီး နေသူတယောက်ကလည်း ဘီယာဆိုင်က တီးဝိုင်းသံ လျှော့ပေးဖို့ တိုင်ကြားခဲ့ပေမဲ့ အသံမလျှော့တဲ့အပြင် ပိုပြီးကျယ်လာတဲ့လုပ်ရပ် ကြုံရတယ်လို့ ပြောပါတယ်။
“ဘယ်တိုင်တိုင် ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုးလုပ်တာ။ ဒီဘက်မှာဆို တီးဝိုင်းထည့်တဲ့ ဆိုင်တွေက တိုးသထက် တိုးလာတာ။ အနီးနားနေသူတွေ ဘာမှမတတ်နိုင်ဘူး။”
အရင်က ရန်ကုန်မြို့မှာ စားသောက်ဆိုင်ကြီးတချို့က စင်တင်တွေ အသုံးပြုတာ ခေတ်စားခဲ့ပြီး အခုနောက်ပိုင်းမှာ ဘားဆိုပြီး အဆင့်မြှင့်လာတဲ့ဆိုင်တွေက တီးဝိုင်းအဖွဲ့ Band ထည့်သွင်းလာကာ တချို့ဆိုင်တွေ အနေနဲ့ နာမည်ရအဆိုတော်တွေကို ငှားရမ်းသီဆိုစေတာတွေ ရှိပါတယ်။
အဲဒီလို Band တွေ ငှားအသုံးပြုတာကြောင့် တီးခတ်၊ သီဆိုသူတွေအတွက် ဝင်ငွေရလမ်း ဖြစ်လာသလို ဆိုင်ဖွင့်လှစ်ထားသူတချို့က ပတ်ဝန်းကျင်အပေါ် အလေးထားပြီး ပြင်ဆင်သင့်တယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။