Home
မြန်မာသတင်း
Neta EV မိခင်ကုမ္ပဏီ ထုတ်လုပ်မှု ရပ်နားသော်လည်း ရန်ကုန်တွင် Neta ကားများ ဆက်ရောင်းနေ
DVB
·
July 2, 2025

တရုတ်နိုင်ငံထုတ် Neta EV ကားရဲ့ မိခင်ကုမ္ပဏီက ကားထုတ်လုပ်မှုရပ်နားပြီး ဒေဝါလီခံတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပေမဲ့ ရန်ကုန်မြို့ရှိ Neta ကားအရောင်းပြခန်းမှာတော့ ဆက်လက်ဖွင့်လှစ် ရောင်းချနေပါတယ်။

ရန်ကုန်မြို့ သခင်မြပန်းခြံအနီး MP နိုင်ငံတကာဆိပ်ကမ်းရှေ့က Neta Car Showroom ကို ဆက်လက်ဖွင့်လှစ်ထားပြီး အောင်မင်္ဂလာအဝေးပြေးကွင်းအနီးက M Terminal Shopping Center ရှိ ပရိုမိုးရှင်းဧရိယာမှာလည်း Neta EV ကားတွေကို သိန်း ၁,၁၅၀ ကျပ်ဈေးနဲ့ ပြသထားဆဲ ဖြစ်ပါတယ်။

ကားတွေ အရောင်းပြထားပေမဲ့ ကားလက်ဝယ်မရှိဘဲ စာရင်းသာ ကောက်ခံနေပြီး ကားမှာယူလို့ရတဲ့အချိန်ကို ပြန်အကြောင်းကြားပေးတယ်လို့ Neta EV ကားအရောင်းတာဝန်ခံ ဝန်ထမ်းက ပြောပါတယ်။

Neta EV ကားအရောင်းမြှင့်တင်ရေး ကြီးကြပ်သူ အမျိုးသမီးတယောက်က “ညီမတို့ ဒီကားကို ဝယ်မယ်ဆိုလို့ရှိရင် 7KW Charger ပေါ့နော်။ 7KW Charger နဲ့ Window Film နဲ့ လက်ဆောင်ပေးမယ်ပေါ့နော်။ ဒါပေမဲ့ ကားကတော့ Stock တွေက မရှိသေးဘူး။ လောလောဆယ်တော့  Payment တွေလည်း လက်မခံထားသေးဘူး။ နာမည်စာရင်းလေးပဲ ယူထားဦးမယ်။ ကားမှာလို့ရပြီ ဆိုရင်တော့ ညီမတို့ အမကို ပြန်ပြောပေးမယ်” လို့ ပြောပါတယ်။

ဇွန် ၁၉ ရက်က တရုတ်နိုင်ငံပိုင်မီဒီယာ CCTV ရဲ့ ဖော်ပြချက်အရ လျှပ်စစ်ကား အမှတ်တံဆိပ် Neta ရဲ့ မိခင်ကုမ္ပဏီဟာ ကြွေးမြီး ယွမ် ၁၀ ဘီလီယံကျော်ရှိနေပြီး ကားထုတ်လုပ်မှုလည်း ရပ်နားထားရတဲ့အတွက် ဒေဝါလီခံကြောင်း ဖော်ပြခဲ့ပါတယ်။

Neta EV ကားရဲ့ မိခင်ကုမ္ပဏီ Zhejiang Hozon New Energy Automobile နဲ့ မြန်မာပြည်တွင်းက Grand Sirius Limited (GSE) တို့ဟာ မြန်မာနိုင်ငံကို ကားတွေတင်သွင်း​ရောင်းချဖို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလက သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

EV ကားတွေနဲ့ ပတ်သက်ပြီး အသိပညာပေးနေတဲ့ EV Myanmar Group ကတော့ ကားအပိုပစ္စည်းရနိုင်ဖို့ မသေချာတော့တာ၊ ကား Software update လုပ်ဖို့ အခက်အခဲ ဖြစ်လာမှာတွေကြောင့် EV ကားတွေ ဈေးပေါတာတောင် မဝယ်သင့်တော့ဘူးလို့ သုံးသပ်ထားပါတယ်။

ရန်ကုန်မြို့က EV တက္ကစီ ယာဥ်မောင်းတယောက်ကတော့ Neta EV ကုမ္ပဏီ ဒေဝါလီခံလိုက်ရတဲ့သတင်း ကြားပြီးတဲ့နောက် ယာဥ်မတော်တဆမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင် ယာဉ်အပိုပစ္စည်း ခက်ခဲနိုင်တဲ့ အခြေအနေကို ရှင်းပြပါတယ်။

“ပစ္စည်းတူတဲ့ဥစ္စာကို ဝယ်ထည့်ပေါ့။ အဲဒါပဲ ပြောလို့ရမယ်။ သူ့ကုမ္ပဏီက မထုတ်တော့ရင်တောင်မှ ဒေါင်ဖန်းတို့၊ လစ်မော်တာတို့ တူတဲ့ပစ္စည်းတွေကိုပဲ အားကိုးပြီးတော့ သုံးရမှာပေါ့။”

GSE ကုမ္ပဏီအောက်ရှိ Neta Auto Myanmar ကတော့ Neta ကားတွေအတွက် လိုအပ်တဲ့ အပိုပစ္စည်းတွေကို လုံလုံလောက်လောက် လက်ဝယ်ရှိထားတဲ့အပြင် ကားအာမခံ တောင်းဆိုမှုတွေကိုလည်း အပြည့်အဝ တာဝန်ယူ လုပ်ဆောင်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ EV ယာဥ်တွေ တင်သွင်းခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ယာဉ်အစီးရေ ၂,၀၀၀ ကျော် တင်သွင်းပြီး ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်းဇယားများအရ သိရပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013