Home
မြန်မာသတင်း
တရားမဝင် မြန်မာလုပ်သား ၂၀ ကျော် လူကုန်ကူးမှုဖြင့် KNU တပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရ
DVB
·
September 1, 2025
Photo: Source: Bangkok Post

ထိုင်းနိုင်ငံထဲကို တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား အယောက် ၂၀ ကျော်ကို ပို့ဆောင် လူကုန်ကူးမှုနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တဦး ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း Bangkok Post သတင်းမှာ ဩဂုတ် ၃၁ ရက်က ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်ထဲမှာ အသက် ၃၂ နှစ်အရွယ် ဖူရီ လတ်ချိုင်ပရာချင်ကို မြန်မာနိုင်ငံသား ၂၁ ယောက်နဲ့အတူ ပြီးခဲ့တဲ့ စနေနေ့မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ထိုင်းနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနခွဲမှ ရဲမှူးချုပ် ဆောင် ခလွတ် ခရစ်ခရီတာရာက ပြောပါတယ်။

ဒေသတွင်း လူမှောင်ခိုကွင်းဆက် ကြိုတင်သတင်းပေးမှုအရ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကာ လူမှောင်ခိုကူးရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ပစ်ကပ်ထရပ်ကား ၃ စီးကိုလည်း တာဝန်ရှိသူတွေက တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ကနဦးမှာ တပ်ဖွဲ့ဝင်တွေက သံသယရှိတဲ့ ကားဆီ ချဉ်းကပ်လာစဉ်မှာ ယာဉ်မောင်း တယောက်က တောအုပ်ထဲ ထွက်ပြေးသွားခဲ့ပြီး ကားပေါ်မှာတော့ ရွှေ့ပြောင်းနေထိုင်သူ ၁၁ ယောက် ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ရဲတပ်ဖွဲ့ဝင်တွေက နောက်ထပ်ကားတစင်းကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါ ကားပေါ်မှာတော့ တရားခံ ဖူရီကို နောက်ထပ် တရားမဝင် မြန်မာနိုင်ငံသား ၁၀ ယောက်နဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချိန်မှာတော့ ထိုင်းနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်သူ ဖူရီက သူဟာ KNU တပ်ဖွဲ့ဝင်တယောက်ဖြစ်တယ်လို့ ဖြေခဲ့ပြီး အဆိုပါ တရားမဝင် မြန်မာနိုင်ငံသားတွေနဲ့ ဖေ့စ်ဘွတ်ခ်ကနေတဆင့် အဆက်အသွယ်ရကာ တယောက်ကို ထိုင်ဘတ် ၅,၀၀၀ နဲ့ ထိုင်းနိုင်ငံတွင်းကို ခေါ်သွင်းဖို့ လုပ်ဆောင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေက သူတို့ဟာ ဆမွတ်ဆာခွန်းခရိုင်ထဲက စက်ရုံတွေမှာ အလုပ်လုပ်ဖို့ ပွဲစားကို တယောက်ကို ဘတ် ၂၀,၀၀၀ စီ ပေးခဲ့ရတယ်လို့ စကားပြန်ကတဆင့် ဖြေကြားခဲ့ကြသလို သူတို့အားလုံးဟာ ရန်ကုန်ကနေ ထားဝယ်ကို ခရီးဆက်ခဲ့ကြပြီးနောက် ထိုင်း-မြန်မာနယ်စပ်ကနေ တောလမ်းကနေ ခိုးဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ KNU တပ်ဖွဲ့ဝင် ဖူရီကို တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ နိုင်ငံတွင်း ခိုးသွင်းပို့ဆောင်မှုနဲ့ စွဲချက်တင်ထားသလို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိုလည်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်မှုနဲ့ စွဲချက်တင် အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ KNU ဘက်က သတင်းထုတ်ပြန်ချက်တစုံတရာ ထုတ်ပြန် ရှင်းလင်းမတွေ့ရသေးသလို ဖမ်းဆီးခံရသူဟာ KNU တပ်ဖွဲ့ဝင် အမှန်တကယ် ဟုတ်၊ မဟုတ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013