Home
နိုင်ငံတကာ
ထိုင်းတွင် ဟင်းရွက်တင်ကားထဲ စိတ်ကြွဆေး ၃ သန်းခွဲနှင့် အိုက်စ်ကီလိုဂရမ် ၆၀ ဖမ်းမိ 
DVB
·
August 28, 2025
Photo: Chiangmai News

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ဝိန်းပါပေါက်မြို့နယ်ထဲမှာ ဟင်းသီးဟင်းရွက် တင်ဆောင်လာတဲ့ ကားတစီးထဲကနေ စိတ်ကြွဆေးပြား ၃ သန်းခွဲနဲ့ အိုက်စ်မူးယစ်ဆေး ၆၀ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ အမှတ် ၅ ခရိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဩဂုတ် ၂၆ သတင်းစာရှင်းလင်းပွဲမှာ ပြောပြပါတယ်။ 

မူးယစ်ဝရမ်းပြေး ၂ ယောက်နောက်ကို လိုက်လံစုံစမ်းရင်းက သူတို့နဲ့ပတ်သက်နေသူတွေရဲ့ လှုပ်ရှားမှုတွေပါ စောင့်ကြည့်ခဲ့တယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ညကလည်း ချင်းရိုင်းခရိုင် ဝိန်းပါပေါက်မြို့နယ်ထဲက မသင်္ကာဖွယ်ကား ၂ စီးနောက် နောက်ယောင်ခံလိုက်ခဲ့တယ်။ ပထမကား တစီးက လမ်းကြောင်းရှင်းပြီး ဒုတိယကားက ခြံထွက်အသီးအနှံတွေ အပြည့်တင်ဆောင်ကာ လိုက်လာခဲ့တယ်။ ည ၁၁ နာရီခွဲခန့်မှာ ဝိန်းပါပေါက်၊ ပါညုရပ်ကွက်ရှိ ဓာတ်ဆီဆိုင်တခုထဲ ဝင်ရောက်ရပ်နားစဉ် တာဝန်ရှိသူတွေက စစ်ဆေးခဲ့တာလို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုရဲချုပ် ဖာနုရတ် လတ်ဘွန်းက ပြောပါတယ်။ 

အဆိုပါ ဟင်းသီးဟင်းရွက်တွေအောက်မှာတော့ စိတ်ကြွဆေးပြားတွေ ထည့်ထားတဲ့ ဆာလာအိတ် ပေါင်း ၃၅ အိတ် ဝှက်လာတာ တွေ့ရှိတယ်။ တအိတ်ကို ဆေးပြား ၁ သိန်းစီပါတာကြောင့် စုစုပေါင်းစိတ်ကြွဆေးပြား ၃ သန်းခွဲ သိမ်းဆည်းရမိတယ်။ ဒါ့အပြင် အိုက်မူးယစ်ဆေးပါ အိတ် ၅ အိတ် ထပ်မံတွေ့ရှိပြီး တအိတ်ကို ၁၂ ကီလိုလေးတာကြောင့် စုစုပေါင်း ၆၀ ကီလိုဂရမ် သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး  အရှေ့ကလမ်းပြပေးတဲ့ ကားပေါ်က အသက် ၇၀ ရွယ် အမျိုးသားတယောက်၊ အသက် ၃၈ နှစ်ရွယ် အမျိုးသမီးတယောက်၊ သီးနှံကားမောင်းတဲ့ အသက် ၄၇ နှစ်ရွယ် အမျိုးသား တယောက်တို့ကို ကား ၂ စီးနဲ့အတူ ဖမ်းဆီးအရေးယူထားတယ်။  ဒါ့အပြင် ဝိန်းပါပေါက်ရှိ သူတို့နေအိမ်ကို သွား‌‌‌ရောက်စစ်ဆေးပြီး ငွေသား ဘတ် ၁၇ သိန်း၊ မော်တော်ကား ၇ စီး၊ ဆိုင်ကယ် ၁၉ စီး အပါအဝင် ဘတ်သန်းပေါင်း ၂၇ သန်းတန်ဖိုးရှိ ပစ္စည်း ၄၅ မျိုးပါ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင် လွန်ခဲ့တဲ့ ၂၀၂၄ ဇူလိုင် ၁၁ ရက်နေ့က ချင်းရိုင်းမှာ စိတ်ကြွဆေး ၃ သန်း ၂ သိန်း ဖမ်းမိတာနဲ့ပတ်သက်ပြီး နိုင်းဝီရမင်ကျဒါ နဲ့ ဗိုလ်မှူး ကျကာ (မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့) တို့ကို ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်။ သူတို့ဟာ မယ်ဖာ့လုံမြို့နယ် တဘက်ကမ်း မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာရှိ မူးယစ်ဆေးဝါးထုတ်လုပ်ရုံက မူးယစ်ဆေးတွေကို ထိုင်းနိုင်ငံ ဖှန်၊ ချင်းဒေါင်း၊ မဲ့အိုင်း စတဲ့ မြို့နယ်ကနေတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းကို ရောက်အောင် သယ်ပေးနေတဲ့ အဓိကတရားခံဖြစ်တယ်လို့  ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ပြောသွားပါတယ်။ 

ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်ထဲမှာ ဩဂုတ် ၂၇ ကလည်း စိတ်ကြွဆေးပြား ၆ သိန်းနဲ့ ဟီးရိုးအင်း ၇ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။ 

မနက် ၅ နာရီ ခွဲလောက်က မဲ့ယောင်း နဲ့ မဲ့ကျန်းမြို့နယ်အစပ် တောလမ်းမှာ မောင်းဝင်လာတဲ့ ဆိုင်ကယ် ၃ စီးကနေ စိတ်ကြွဆေး ၆ သိန်း၊ ဟီးရိုးအင်းအလေးချိန်  ၇ ကီလိုဖမ်းမိတယ်။ ဆိုင်ကယ် ၂ စီး တရားခံ ၂ ယောက်သာ ဖမ်းမိပြီး ဆိုင်ကယ်တစီးက အထုပ်တွေ ပစ်ချခဲ့ကာ  ထွက်ပြေး လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။ 

Source : Chiangmai News / Maesaipress

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013