
အစ္စရေးရဲ့ တိုက်ခိုက်မှုအပြီး ဩဂုတ် ၃၁ ရက်မှာ လက်ဘနွန်တောင်ပိုင်းက နာဘာတီယာရွာမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ မီးခိုးတွေ ပေါ်ထွက်ခဲ့ပါတယ်။
လက်ဘနွန်တောင်ပိုင်းက မြေအောက် အခြေခံအဆောက်အအုံတွေ အပါအဝင် ဟစ်ဇ်ဘိုလာတွေရဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ထိမှန်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က X လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။
ဒီနေရာနဲ့ ဒေသတွင်း လုပ်ဆောင်ချက်တွေဟာ အစ္စရေးနဲ့ လက်ဘနွန်ကြား နားလည်မှုကို ချိုးဖောက်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဟစ်ဇ်ဘိုလာတွေဟာ ပြီးခဲ့တဲ့နှစ်မှာ အစ္စရေးနဲ့ စစ်ပွဲအတွင်း သိသိသာသာ အားနည်းသွားခဲ့ပြီး ထိပ်တန်းတပ်မှူးတွေနဲ့ တိုက်ခိုက်ရေးသမားတွေ အများအပြား သေဆုံးခဲ့ပါတယ်။
ပဋိပက္ခအဆုံးသတ်ရေး အမေရိကန်က ကြားဝင်ပေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေးအတွက် လက်ဘနွန်နိုင်ငံမှာ အစိုးရလက်အောက်ခံ မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အားလုံးက လက်နက်ဖြုတ်သိမ်းဖို့ လိုအပ်ပါတယ်။
အစ္စရေးဟာ လက်ဘနွန်နိုင်ငံထဲမှာ တပ်စွဲတာတွေ ဆက်လုပ်ထားပြီး အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေနဲ့ လက်နက်တွေကို ပစ်မှတ်ထားတယ်လို့ ပြောတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အချိန်အခါအလိုက် ဆက်ဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က လက်ဘနွန်အစိုးရဟာ ဟစ်ဇ်ဘိုလာတွေကို လက်နက်ဖြုတ်သိမ်းရေး ဆွဲဆောင်ဖို့ ရည်ရွယ်တဲ့ အစီအစဉ်ကို တင်ပြခဲ့ပြီး အစ္စရေးက သူ့ရဲ့ စစ်ရေးဆုတ်ခွာမှုအတွက် သက်ဆိုင်တဲ့ မူဘောင်တခုကို တင်သွင်းဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန် ထိပ်တန်းသံတမန် သောမတ်စ် ဘားရက်ခ်က သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။
မြို့တော်ဘေရွတ်မှာ လက်ဘနွန်သမ္မတ ဂျိုးဇက် အာဝမ်နဲ့ ဆွေးနွေးအပြီး ဘားရက်ခ်က လက်ဘနွန် အဆိုပြုချက်မှာ စစ်ရေးအရ အကျပ်ကိုင်တာတွေ ပါမှာမဟုတ်ဘဲ အီရန်ကနေ ထောက်ပံ့ထားတဲ့ တိုက်ခိုက်ရေးသမားတွေအပေါ် စီးပွားရေးအရ အကျိုးသက်ရောက်မှုတွေကို ရည်ညွှန်းတာ အပါအဝင် ဟစ်ဇ်ဘိုလာတို့ လက်နက်ချရေး အားပေးမယ့် ကြိုးပမ်းချက်တွေကို အာရုံစိုက်သွားမယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters