
ဂါဇာမြို့ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတခုမှာ ဟားမတ်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူအိုဘီဒါလည်း သေဆုံးသွားပြီလို့ အစ္စရေးအစိုးရကို ကိုးကားပြီး ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ အဘူအိုဘီဒါ သူသေဆုံးမှုကို ဟားမတ်စ်အဖွဲ့ဘက်ကတော့ အတည်မပြုသေးပါဘူး။
အစ္စရေးတပ်ဖွဲ့ဝင်တွေက ဂါဇာမြို့ ဆင်ခြေဖုံးနေရာတွေကို ညလုံးပေါက် ဝင်တိုက်ခိုက်မှုကြောင့် အိမ်တွေပျက်စီးခဲ့ပြီး ဂါဇာကမ်းမြောင်အလယ်ပိုင်းက ကယ်ဆယ်ရေးစခန်းတခုနားမှာ အစားအစာရဖို့ ကြိုးစားသူ ၁၃ ယောက် အပါအဝင် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဂါဇာကမ်းမြောင်မြို့လယ်က အိမ်တလုံးမှာလည်း လူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးခက်ဇ်ကတော့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) နဲ့ အစ္စရေး လုံခြုံရေးအေဂျင်စီ ရှင်းဘတ်ကို ဂုဏ်ပြုတယ်လို့ X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့က ခရိုင်အတွင်းရှိ လူနေအဆောက်အအုံတခုကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ဒါဇင်ချီ သေဆုံးခဲ့တယ်လို့ အစောပိုင်းမှာ ပြောပါတယ်။
လူနေထူထပ်တဲ့ ဂါဇာမြို့ရဲ့ အယ်ရီမာလ်ရပ်ကွက်ကို တိုက်ခိုက်မှုအတွင်း ကလေးငယ်တွေ အပါအဝင် လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းထောက်တွေက ပြောပါတယ်။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူရဲ့ ရုံးကတော့ ဒီသတင်းတွေကို ပြန်သုံးသပ်နေတယ်လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်အတွင်း ဂါဇာမြို့တဝိုက်က စစ်ဆင်ရေးတွေကို တဖြည်းဖြည်း အရှိန်မြှင့် လုပ်ဆောင်လာခဲ့တာပါ။
ဩဂုတ် ၂၉ ရက်မှာ ကယ်ဆယ်ရေးပစ္စည်းတွေပေးပို့ခွင့်ပြုထားတဲ့ ဧရိယာကို အန္တရာယ်ရှိတဲ့ တိုက်ခိုက်ရေးဇုန်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
သီတင်းပတ်တွေအတွင်း ပြင်းထန်တဲ့ ထိုးစစ်ကို စဖို့ မမျှော်လင့်ထားသေးကြောင်းနဲ့ မြေပြင်တပ်တွေ ထပ်မရွှေ့ခင် အရပ်သားတွေကို ရွှေ့ပြောင်းစေချင်ကြောင်းလည်း အစ္စရေးက ပြောပါတယ်။