
တူရကီနိုင်ငံဟာ သူ့ဆိပ်ကမ်းတွေကို အစ္စရေးသင်္ဘောတွေ အသုံးမပြုဖို့၊ တူရကီသင်္ဘောတွေလည်း အစ္စရေး ဆိပ်ကမ်းတွေကို အသုံးမပြုဖို့နဲ့ တူရကီလေပိုင်နက်အတွင်းကို ဝင်ရောက်လာတဲ့ လေယာဉ်တွေကို ကန့်သတ်ချက်တွေ ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန် က သြဂုတ် ၂၉ ရက်မှာပြောပါတယ်။
“ကျနော်တို့ဟာ အစ္စရေးနဲ့ ကုန်သွယ်မှုကို လုံးဝဖြတ်တောက်လိုက်ပါပြီ၊ အစ္စရေးသင်္ဘောတွေဆီကို ကျနော်တို့ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ထားပြီး တူရကီသင်္ဘောတွေကို အစ္စရေးရဲ့ ဆိပ်ကမ်းတွေဆီ သွားခွင့်မပြုပါဘူး”လို့ နိုင်ငံခြားရေးဝန်ကြီး ဖီဒန်က ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပါလီမန်လွှတ်တော်အစည်းအဝေးမှာ ထူးထူးခြားခြားပြောခဲ့တာပါ။
“ကျနော်တို့ဟာ အစ္စရေးကို လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ တင်ဆောင်လာတဲ့ ကွန်တိန်နာသင်္ဘောတွေကို ကျနော်တို့ရဲ့ ဆိပ်ကမ်းတွေ အတွင်းကို ဝင်ရောက်ဖို့နဲ့ လေယာဉ်တွေကိုလည်း ကျနော်တို့ရဲ့ လေပိုင်နက်အတွင်းကို ဝင်ခွင့်မပြုပါဘူး။”
ဝန်ကြီးဖီဒန်ဟာ လွှတ်တော်ကို မှတ်ချက်တွေ ပြောကြားတဲ့အတွင်း အသေးစိတ်အချက်အလက် အနည်းငယ်ကို ပေးခဲ့တာဖြစ်ပြီး တူရကီက အစ္စရေးကို ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အရေးယူထားတဲ့ ဒါမှမဟုတ် အရေးယူဖို့ စတင်အကောင်အထည်ဖော်ထားတဲ့ ထင်ထင်ရှားရှား လုပ်ငန်းစဉ် အကျဉ်းချုပ်တွေ ဖြစ်ပုံရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
တူရကီ ဆိပ်ကမ်းအာဏာပိုင်တွေဟာ သင်္ဘောတွေကို အစ္စရေးနဲ့ ချိတ်ဆက်မှုမရှိကြောင်းနဲ့ အစ္စရေးကို စစ်ဘက်ဆိုင်ရာ သို့မဟုတ် အန္တရာယ်ရှိတဲ့ ကုန်ပစ္စည်းတွေကို မသယ်ယူကြောင်း ကြေညာထားတဲ့စာတွေ ပေးဖို့ သင်္ဘောအေးဂျင့်တွေကို အလွတ်သဘောတောင်းဆိုမှုတွေ လုပ်ခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြီးခဲ့တဲ့ သီတင်းပတ်က ရိုက်တာကို ပြောပါတယ်။
တူရကီအလံတင် သင်္ဘောတွေကို အစ္စရေးဆိပ်ကမ်းတွေဆီ သွားရောက်ခွင့်မပြု တားမြစ်ထားကြောင်းလည်း ဆိုပါတယ်။
တူရကီဟာ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ပါလက်စတိုင်းနယ်မြေအတွင်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်ကို အစ္စရေးကလည်း ငြင်းဆိုထားပါတယ်။ အန်ကာရာဟာ အစ္စရေးနဲ့ ကုန်သွယ်မှုအားလုံးကို ရပ်တန့်လိုက်ပြီး နိုင်ငံတကာကိုလည်း အစ္စရေးကို ဆန့်ကျင်အရေးယူမှုတွေ ပြုလုပ်ဖို့ တောင်းဆိုကာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကိုလည်း အစ္စရေးကို ထောက်ပံ့နေတာတွေကို ရပ်တန့်လိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အစ္စရေး အစိုးရကတော့ အဲဒီပြောကြားချက်အပေါ် ချက်ချင်း မှတ်ချက်ပေးခြင်း မရှိပါဘူး။
Source: Reuters