Home
မြန်မာသတင်း
မအူပင်မြို့က စစ်မှုထမ်းပါသွားသူ ၄ ဦး သေဆုံးဟု အကြောင်းကြား
DVB
·
August 30, 2025

ဧရာဝတီတိုင်း၊ မအူပင်မြို့ကနေ စစ်မှုထမ်းဖို့ ဖမ်းခံလိုက်ရတဲ့ လူငယ် ၄ ယောက်ဟာ ဖမ်းခံရပြီး ၅ လ အကြာမှာ သေဆုံးသွားပြီဆိုတာ အကြောင်းကြားလာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မအူပင်မြို့၊ အမှတ် ၁ ရပ်ကွက်က လူငယ် ၄ ယောက်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ဒုတိယပတ်မှာ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဩဂုတ်ဒုတိယပတ်က တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ ဩဂုတ် ၂၈ ရက်မှာ လာရောက်အကြောင်းကြားတာဖြစ်ပါတယ်။

မိသားစုဝင်နဲ့နီးစပ်သူတယောက်က “သေဆုံးသွားတာကို ဧည့်စာရင်းလာစစ်တဲ့ စစ်သားတွေ၊ ရဲတွေနဲ့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှုးအဖွဲ့ကပြောလို့ သိရတာ။ စပြီးဖမ်းခံရကတည်းက ပုသိမ်မြို့ကို ပို့လိုက်ကြတာဖြစ်ပြီး ဘယ်နေရာမှာ သေဆုံးတာလဲမေးတော့ ရှေ့တန်းမှာလို့ပဲ ပြောသွားတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာသေတယ်ဆိုတာ မပြောဘူး။ ဘယ်တပ်ထဲရောက်သွားတယ်ဆိုတာလည်း မိသားစုဝင်တွေ သိခွင့်မရခဲ့ဘူး။ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံသွားရတဲ့ကလေးတွေ အသိမပေးတဲ့သူတွေလည်းရှိဦးမယ်။ အဆက်အသွယ်မရတာ ဖမ်းပြီး စစ်သင်တန်းတက်တဲ့ အချိန်ကတည်းက။ ခုမှ သေပြီဆိုတာသိရတယ်” လို့ ပြောပါတယ်။

စက်တင်ဘာလကျရင်လည်း ရပ်ကွက်အလိုက် တရပ်ကွက်ကို ၄ ယောက်နှုန်း ထပ်ပေးရဦးမယ်လို့ ကြားရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်တွေက သူတို့ကိုယ်တိုင် လိုက်ဆွဲတာတွေလုပ်နေပြီး မအူပင်မြို့ပေါ်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လူငယ်တွေကို လိုက်ဝယ်ပေးတာတွေရှိနေသလို ခိုး၊ ဆိုး၊ လုယက်မှုကျူးလွန်သူတွေကိုဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ပေးနေတယ်” လို့ ပြောပါတယ်။

မအူပင်မြို့နယ်အတွင်းမှာ ရပ်ကွက် ၁၂ ခုနဲ့ ကျေးရွာအုပ်စု ၈၈ အုပ်စုရှိပြီး စစ်မှုထမ်းဖို့အတွက် ၂ လတခါ၊ ၃ လတခါ လူငယ်တွေကိုရှာပြီး ပို့ပေးနေကြတယ်လို့ မအူပင်မြို့ခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013