
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို သြဂုတ် ၂၇ ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူ ၄ ယောက် သေဆုံးသလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Wetlet Informational Network ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းက ရုံးပင်ကုန်းရွာနားကို ညနေ ၅ နာရီ ၁၅ မိနစ်လောက်ကစပြီး စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ ဒေသခံပြည်သူ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီးတယောက်တို့ သေဆုံးသွားပါတယ်။ ၆ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ သေဆုံးသွားကြတဲ့ ဒေသခံပြည်သူတွေဟာ အသက် ၄၀ အရွယ် အမျိုးသား ၃ ယောက်နဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတယောက်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာက တိုက်ပွဲဖြစ်ပွားတာ မရှိဘဲနဲ့ ရှိန်းမကားတိုက်နယ်ထဲက ရုံးပင်ကုန်းရွာနားက စစ်ရှောင်တွေနေထိုင်နေတဲ့ ဘုန်းကြီးကျောင်းနားကို ဗုံး ၄ လုံး ကြဲချသွားတာ ဖြစ်ပါတယ်။ ကျောင်းပေါ်ကို အတည့်မကျပေမဲ့ ကျောင်းနဲ့အနီးဆုံး နေရာတွေကို ကျရောက်ပေါက်ကွဲခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှု အပြီးမှာလည်း မတ္တရာမြို့ပေါ်က စစ်သားတွေဟာ ဟောင်ဝစ်ဇာ လက်နက်လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့သေးသလို လက်နက်ကြီးထိမှန်သေဆုံးတာနဲ့ ထိခိုက်ပျက်စီးတာတွေတော့ မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ အထူးဂရုစိုက် နေထိုင်ကြဖို့နဲ့ လေကြောင်းရန် သတိပေးချက်တွေကို စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဆက်မပြတ် သတိပေး ထုတ်ပြန်နေတယ်လို့လည်း သိရပါတယ်။