Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၌ အခွန်ကောက်သည့်ဂိတ် ၅၀ ခန့်ရှိသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
July 31, 2025

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ဂိတ်ပေါင်း ၅၀ ဝန်းကျင်ရှိပြီး ဝက်လက်မှာ အခွန်အခပေးရတာတွေ များနေတဲ့အတွက် စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး သွားရေးလာရေးမှာလည်း စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ထားတဲ့ အခွန်ကောက်ခံတဲ့ဂိတ် ၃ ဂိတ်၊ လုံခြုရေးအတွက် ဖွင့်လှစ်ထားတဲ့ဂိတ်၊ အလှူငွေကောက်ခံတဲ့ဂိတ် အပါအဝင် ဂိတ်ပေါင်း ၅၀  ဝန်းကျင်ရှိတယ်လို့ မြို့နယ်ပကဖရဲ့ စာရင်းတွေအရ သိရပါတယ်။

ဝက်လက်မြို့နယ်ဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကလည်း ရေလည်မော်ကျေးရွာက ဆိပ်ကမ်းနဲ့ အခွန်ကောက်ခံတဲ့ဂိတ်ကို ရွာခံပြည်သူတွေက ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ရေလည်မော်ဆိပ်ကမ်းဟာ လူစည်ကားတဲ့အတွက် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ငွေကောက်ခံတဲ့ဂိတ် ရှိပေမဲ့ လေကြောင်းရန်သတိပေးတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတဲ့ အချိန်မှာ အကူအညီမရတဲ့အတွက် ပြည်သူတွေက ဆန္ဒပြကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်အတွင်းကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) စစ်ဆေးရေးဂိတ် (ဗိုလ်ရိုင်ဂိတ်) ကို အခွန်ကောက်ယူမှုနှုန်း များတဲ့အတွက် ပြည်သူတွေက ဆန္ဒပြကြလို့ ယာယီပိတ်ခဲ့ပြီး လက်ရှိမှာ ဆက်ဖွင့်ပြီး အခွန်ကောက်ခံနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဝက်လက်နယ်က အခွန်ကောက်တဲ့ဂိတ်တွေ များနေတဲ့အတွက် ဆီဈေးလည်း မြင့်တက်နေပြီး ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိခိုက်ရတဲ့အကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ဝက်လက်မြို့နယ်ကနေ ခင်ဦး၊ ရေဦး သွားမယ်ဆိုရင် ခင်ဦးမှာ လမ်းဆုံးတယ်ဆို ထပ်မကောက်ရတော့ဘူးလေ။ ဘာလို့ဆို ဝက်လက်မှာ ကောက်လို့ရတဲ့ထဲက ပါဆင့်ဘယ်လောက် ဆိုတာကို ခင်ဦးကို ပြန်ပေးရတာ ဒီမူဝါဒရှိတယ်။ တချို့သောမြို့နယ်တွေ မြို့နယ်တွေကျတော့ ဝက်လက်အဝင်လည်း ကောက်တယ်၊ ရွှေဘိုအဝင်လည်း ကောက်တယ်၊ အဲလိုကောက်တဲ့အခါမှာ ဘာဖြစ်လဲဆိုရင် စီးပွားရေးသမားဆိုတာက ကြိုက်သလောက်တောင်းလေ ပေးမှာပဲ၊ ပြီးရင် သူတို့လည်း တန်အောင် ပြန်ပြီး ဈေးတင်ရောင်းတယ်။ ဘယ်သူသွားထိလဲ၊ ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့တွေပဲ ပြန်ထိတယ်။ ဒါကို ဒီကောင်တွေက သဘောမပေါက်ဘူး။”

ဝက်လက်မြို့နယ်အတွင်းမှာ NUG အစိုးရက အခွန်ကောက်ခံတဲ့ဂိတ်အပြင် မြို့နယ်အတွင်းမှာ ပုံစံမျိုးစုံနဲ့ ငွေကြေးကောက်ခံတဲ့ တခြားဂိတ်တွေကိုပါ ငွေပေးဆောင်ရတဲ့အတွက် စားသောက်ကုန်တွေကအစ တခြားမြို့တွေနဲ့ယှဉ်ရင် ၄ ဆနီးပါး ပေးဝယ်စားနေရတယ်လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။

“ဝက်လက်မြို့နယ်အတွင်းမှာ NUG ကို ဆောင်လိုက်ပြီ၊ ဆောင်ပြီးပြီဆိုရင် ဒီကြားထဲမှာ ငွေဖလားလေးနဲ့ ခံတဲ့ဂိတ် ရှိသေးတယ်၊ ဝါးလေးနဲ့တားတဲ့ဂိတ် ရှိသေးတယ်။ ခင်ဗျားတို့ ဘာတုန်း ဘာညာ ဗျူးဗျူးဗြဲဗြဲနဲ့ ကောက်တဲ့ဂိတ် ရှိသေးတယ်။ အဲလို ဂိတ်တွေများလို့ NUG ကို ဆောင်လိုက်လို့ မကျေနပ်တာမဟုတ်ဘူး၊ NUG ကို ဆောင်ရတဲ့ အခွန်အခကလည်း ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူး။ ဥပမာပြောမယ်ဆိုရင် ခရမ်းသီးတပိဿာကို ဆားတောင်ဈေးမှာ ဝယ်ရတာ တပိဿာကို ၈၀၀ ပဲ ပေးရတယ်။ အိမ်မှာဝယ်စားရင် အစိတ်သားကို ၈၀၀ ပေးရတယ်။”

မြို့နယ်အတွင်းမှာ ငွေပေးရတဲ့ဂိတ်တွေ များနေတယ်လို့ ပြည်သူတွေအကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပြီး လမ်းမပေါ်တက်နေတဲ့ တရားမဝင်ဂိတ်တွေကို ပိတ်သိမ်းဖို့အတွက် သဘောတူညီချက်တွေ ရရှိထားပြီး ပိတ်သိမ်းဖို့အတွက် စာထုတ်ကာ မလိုက်နာရင် အရေးယူမှုတွေ လုပ်သွားဖို့ စီစဉ်နေတယ်လို့ မြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဂိတ်တွေအများကြီးဖြစ်ရတဲ့ အကြောင်းကို ကျနော်တို့လည်း သိထားပါတယ်။ ပြည်သူတွေကိုလည်း အားနာပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတော်လှန်ရေးကာလမှာ အစုအဖွဲ့အသီးသီးကို ကိုင်တွယ်ရတာ ဖြစ်တဲ့အတွက် အားနည်းချက်တွေရှိတာ အမှန်ပါ။ ဒါတွေကိုလည်း ပြည်သူတွေ လုံလုံခြုံခြုံနဲ့ စိတ်ချမ်းချမ်းသာသာနဲ့ သွားလာလို့ရတဲ့ အခွင့်အရေးမျိုး ရှိပြီးတော့ ပြည်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဂိတ်များကို အတတ်နိုင်ဆုံး လျှော့ချဖို့ကိုလည်း မြို့နယ် ပကဖက ကြိုးစားနေပါတယ်။”

NUG အစိုးရက တရားဝင်ကောက်ခံထားတဲ့ အခွန်ဂိတ်ကလွဲလို့ အလှူငွေကောက်ခံတဲ့ ဂိတ်တွေကို တခုမှ တရားဝင်ခွင့်ပြုထားတာ မရှိဘူးလို့ မြို့နယ်ပကဖ အဖွဲ့က ပြောပါတယ်။

ဝက်လက်မြို့နယ် အရှေ့ခြမ်းဂိတ်၊ အနောက်ခြမ်းဂိတ်နဲ့ ရွှေဘို-မန္တလေး လမ်းကြောပေါ်က ဂိတ် စတဲ့ ဂိတ် ၃ ဂိတ်သာ တရားဝင် အခွန်ကောက်ခံတဲ့ဂိတ် ဖြစ်တယ်လို့ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013