ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တာဝန်ရှိသူတွေဟာ NUG ထိန်းချုပ်နယ်မြေတွေကို သွားရောက်ပြီး ဒေသခံ ပြည်သူလူထုတွေနဲ့ တော်လှန်ရေး ရဲဘော်တွေကို တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ယာယီသမ္မတနဲ့အတူ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်၊ နိုင်ငံတော်သမ္မတရုံး အတွင်းဝန် ဦးဘရန်း၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးကွမ်မင်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန် ဒေါ်နော်ထီးခူနဲ့ ရုံးအဖွဲ့သားတွေ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခရီးစဉ်ကတော့ NUG ထိန်းချုပ်နယ်မြေတွေရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး ယန္တရားတွေနဲ့ အနီးကပ်ထိတွေ့ပြီး တော်လှန်ရေး အောင်မြင်အောင် အထောက်အကူပြုဖို့၊ မြေပြင်မှာ ဦးဆောင်နေတဲ့ တာဝန်ခံတွေ၊ တော်လှန်ရေး ရဲဘော်ရဲဘက်တွေနဲ့ ထိတွေ့ပြီး ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ စနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ထိန်းချုပ်နယ်မြေအတွင်းမှာ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲ ပြဿနာတွေကို သိရှိပြီး အဖြေရှာနိုင်ဖို့၊ တော်လှန်ရေး ရဲဘော်ရဲဘက်တွေနဲ့ တွေ့ဆုံပြီး တော်လှန်ရေးခွန်အားနဲ့ စိတ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့နဲ့ ယာယီသမ္မတ အပါအဝင် NUG အစိုးရ တာဝန်ရှိသူတွေဟာ မြေပြင်က ပြည်သူလူထုနဲ့ တသားတည်း ရှိနေကြောင်း ပြည်သူလူထုကို သတင်းပါးကာ တော်လှန်ရေး စိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ NUG က ဆိုပါတယ်။

NUG ထိန်းချုပ်နယ်မြေတွေက ဒေသခံ လူထုတွေနဲ့ မြို့နယ်/ခရိုင် အလိုက် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတွေ၊ ခရိုင်အလိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်းမှူးတွေ၊ စစ်ဒေသရုံးက စစ်ဒေသမှူးနဲ့ ရုံးအဖွဲ့တွေ၊ မြို့နေ ရပ်မိရပ်ဖိတွေ၊ သံဃာတော်များကို တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို ယာယီသမ္မတ ဒူဝါလရှီးလဟာ ခရီးစဉ်အတွင်း စစ်ဘေးရှောင် ပြည်သူလူထုကို ကူညီလှူဒါန်းခဲ့တယ်လို့လည်း ဆိုပါတယ်။



