Home
မြန်မာသတင်း
ကနီမြို့နယ် NUG လျှပ်စစ်တာဝန်ခံကို တာဝန်မှ ထုတ်ပယ်
DVB
·
July 31, 2025

ကနီမြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လျှပ်စစ်တာဝန်ခံ ဦးကျော်ဇေထွန်းကို ဇူလိုင် ၂၉ ရက်ကစတင်ပြီး တာဝန်ကနေ ထုတ်ပယ်လိုက်တယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကနီမြို့နယ် တော်လှန်ရေးအဖွဲ့တွေဆီက နေသိရပါတယ်။

အဆိုပါထုတ်ပြန်စာကို အမျိူးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတာဝန်ခံ-၁ ဦးလွင်ကိုလတ် ကနေ လက်မှတ်ထိုး ထုတ်ပြန်ပြီး အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ဒေသခံရဲဘော်တယောက်က “သူလုပ်တဲ့ အဂတိတရားတွေက များတယ်။ ဝန်ကြီးဌာနကို စာရင်းတင်တာတောင် Zero ဘတ်ဂျက်တဲ့ဗျို့။ မြေပြင်မှာ ဂိတ်တွေဖွင့်ပြီး ငွေကြေးကောက်ခံတယ်။ ကောက်ခံရတဲ့ ငွေတွေကို အလွဲသုံးစားလုပ်ပစ်တယ်။ ဝန်ကြီးဌာနကို တင်ပြတော့ စာရင်းဇယားတွေ လိမ်တယ်။ အဲဒီလိုတွေ သူ့ဘက်က မရိုးမသားလုပ်လို့ အရင်ဆုံး သူနေတဲ့ရွာကနေ နှင်ထုတ်ခံရတာ။ အဲဒီကောင်က ကနီမြို့ပေါ်က ကောင်လေ။ တော်လှန်ရေးလုပ်တာလိုလိုနဲ့ မြစ်အရှေ့ဘက်ခြမ်း ရောက်လာပြီး ဆရာကြီးလိုလို ဘာလိုလို လုပ်နေတာ။ အခုလို မရိုးမသား‌‌နဲ့ မဟုတ်တာလုပ်တဲ့ ‌‌‌ကောင်ကို တာဝန်က ရပ်နားတာတင် မကဘူး။ တော်လှန်ရေးကရတဲ့ ငွေတွေပါ စစ်ဆေးသိမ်းစေချင်သေးတာ။ အရက်၊ ဘီယာလေး တမြမြနဲ့” လို့ ပြောပါတယ်။

ဦးကျော်ဇေထွန်းဟာ ၂၀၂၂ ခုနှစ်မှာ ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အပါအဝင် ပသုံးလုံး တာဝန်ရှိသူတွေ ခန့်အပ်တာနဲ့အတူ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးတာဝန်ခံအဖြစ် တာဝန်ပေးခံရသလို သယံဇာတအဖွဲ့အစည်းထဲမှာလည်း ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းမှာ တာဝန်ယူပြီး ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။

ကနီမြို့နယ် ပအဖ နဲ့နီးစပ်သူတယောက်က “အရင်တခါက ဝန်ကြီးဌာနကနေ ယာယီရပ်နားပေးထားခံရတဲ့ ကောင်ဗျ။ အဲဒါလည်း ဝန်ကြီးဌာနကို ဂရုမစိုက်ဘဲ သူ့လုပ်ရိုးလုပ်စဉ်အတိုင်း ဂိတ်ဖွင့် ငွေကောက်ပြီး အဂတိတရားတွေ ထပ်ကာထပ်ကာ ကျူးလွန်နေတဲ့ အကောင်ပါဗျာ။ ဒီလိုကောင်မျိုးကို မြို့နယ်အဆင့် တာဝန်ပေးထားတာကိုက NUG အစိုးရကို ပြည်သူလူထု ပိုပြီး ယုံကြည်မှု ကျဆင်းတာပဲ။ ကျနော့်ဆန္ဒကတော့ မြို့နယ်အဆင့်မှာ ဘယ်နေရာမှ တာဝန်မပေးဘဲ ထားစေပါချင်တယ်” လို့ ပြောပါတယ်။

တာဝန်မှ ထုတ်ပယ်ခံရတဲ့ ကနီမြို့နယ် လျှပ်စစ်တာဝန်ခံ ဦးကျော်ဇေထွန်း ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဦးကျော်ဇေထွန်း နေထိုင်ရာ ဒေသဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်ရာဒေသဖြစ်တာကြောင့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ကနီမြိုနယ် ပအဖအဖွဲ့ဝင်တယောက်က “ကနီမြို့နယ်က ဒီထက်မက NUG အစိုးရက ပြောင်းလဲမှုတွေ ထပ်လုပ်ဆောင်ဦးမယ်ဆိုတာ ကျနော် သိထားရတယ်။ အဲဒီသတင်းကလည်း ရက်ပိုင်းအတွင်း ဖြစ်လိမ့်မယ်လို့ပဲ ကနဦး ပြောလို့ရဦးမယ်။ အခုလို NUG အစိုးရရဲ့ ပြောင်းလဲမှု အမှန်ကန်လုပ်လာတာကို မြင်ရတော့ ကြိုဆိုဝမ်းသာဖြစ်ရပါတယ်။ ဒီလို လူစားမျိုးတွေကို တာဝန်ရပ်နားရုံတင်မကဘူး၊ အရေးယူ ဆောင်ရွက်တာတွေပါ လုပ်ဆောင်ရမှာပါ။ ကျနော်တို့အနေနဲ့ လစ်လပ်နေတဲ့ နေရာတွေကို ရက်ပိုင်းအတွင်း အသစ်ပြန်လည်ခန့်အပ်နိုင်ဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ကနီမြို့အတွင်းမှာ မြို့နယ်အဆင့် တရားစီရင်ရေးအဖွဲ့ ၄ ယောက်ကိုလည်း ပြီးခဲ့တဲ့ဇူလိုင် ၁၇ ရက်က တာဝန်ကနေ ရပ်နားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013