
အမေရိကန်နဲ့ ဂျပန်၊ ဖိလစ်ပိုင်နဲ့ သြစတြေးလျတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တရုတ်က ဆန့်ကျင်တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ကျန်းရှောင်းဂံက သြဂုတ် ၂၈ ရက် မှာ ပြောပါတယ်။
မကြာ သေးမီနှစ်တွေအတွင်း ဂျပန်ဟာ စစ်ပွဲဆန့်ကျင်ရေးဝါဒ အခြေပြုဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေကို ဆက်တိုက်ချိုးဖောက်နေခဲ့တယ်လို့ ကျန်းရှောင်းဂံက ပြောပါတယ်။
လာမယ့်လမှာ ဂျပန် မြေပြင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ အမေရိကန် မရိန်းတပ်ဖွဲ့တို့ကြား ပူးတွဲလေ့ကျင့်မှုဆိုင်ရာ ဂျပန်ပြည်တွင်းမီဒီယာတွေရဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကျန်းရှောင်ဂံက ပြောခဲ့တာပါ။
အဲဒီနေ့ အစောပိုင်းမှာ ဗြိတိန်လေယာဉ်တင်သင်္ဘောက ချစ်ကြည်ရေးခရီးစဉ်အဖြစ် တိုကျိုမြို့ဆီ ခုတ်မောင်းခဲ့ပြီး ဂျပန်နဲ့ ဗြိတိန်ကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုက မကြုံစဖူးအဆင့်ထိ ရောက်ရှိခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဖိလစ်ပိုင်စစ်တပ်နဲ့ သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့တို့ဟာ ဖိလစ်ပိုင်မြောက်ပိုင်းက နွေဗာတီကာ ပြည်နယ်မှာ သြဂုတ် ၂၇ ရက်က ပူးတွဲ တိုက်ရိုက်ပစ်ခတ်ရင်း စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
ပြောခွင့်ရသူ ကျန်းရှောင်ဂံက “တောင်တရုတ်ပင်လယ်မှာ တည်ငြိမ်မှုကို ကြောက်ရွံ့နေတဲ့ ဒေသတွင်း ပြင်ပနိုင်ငံ တချို့က ဖိလစ်ပိုင်ရဲ့ မဆင်မခြင် အပြုအမူကို အားပေးထောက်ခံပြီး ဒေသတွင်းနိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွားကို ထိခိုက်စေပါတယ်”လို့ ပြောပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ရန်လိုတဲ့ လှုပ်ရှားမှုတွေလို့ သူတို့က ပြောတဲ့ လုပ်ရပ်ကို တန်ပြန်ဖို့ မဟာမိတ်သြစတြေးလျနဲ့ ဖိလစ်ပိုင်တို့ကြား လုံခြုံရေး ထိတွေ့ဆက်ဆံမှုတွေ နက်ရှိုင်းလာနေပါတယ်။
Source: Reuters