Home
မြန်မာသတင်း
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ် သွားမည်
DVB
·
August 28, 2025
Photo: Alexander Zemlianichenko/Pool via REUTERS

အာဏာသိမ်း စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်အရ အခုလာမယ့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို သွားရောက်မယ်လို့ စစ်ကောင်စီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟာ ဩဂုတ် ၃၀ ကနေ စက်တင်ဘာ ၁ ရက်အထိ တီရန်ကျင်းမြို့မှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

SCO အစည်းအဝေးကို အိန္ဒိယ၊ ရုရှား အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်ပြီး ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း လာရောက်မယ်လို့ သိရပါတယ်။

SCO မှာ ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်တဲ့ မြန်မာနိုင်ငံကို ဖိတ်တာကတော့ တရုတ်ရဲ့ ဒေသဆိုင်ရာ စီမံကိန်းတွေနဲ့ စီးပွားရေးပရောဂျက်တွေအတွက် မဟာဗျူဟာ အရေးပါမှုကြောင့် ဖြစ်နိုင်တယ်လို့ တရုတ်အရေးလေ့လာသူတယောက်က ပြောပါတယ်။

တရုတ်အရေးလေ့လာသူ အမျိုးသမီးတယောက်က “ဒီပလက်ဖောင်းကနေ တဆင့်လည်း isolation ဖြစ်နေတဲ့ စစ်ကော်မရှင်က ဒေသတွင်းနိုင်ငံတွေနဲ့ engage လုပ်နိုင်တဲ့ အခွင့်အရေးလည်း ရနိုင်ပါတယ်။ သူ့အောက်မှာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု တချို့ကလည်း လန်ချန်း-မဲခေါင်လိုမျိုးမှာ တွေ့နေရပါတယ်။ တခုရှိတာကတော့ ရွေးကောက်ပွဲနဲ့ ချိတ်ဆက်စဥ်းစားရင်တော့ တနည်းအားဖြင့် တရုတ်က ထောက်ခံတဲ့ ရွေးကောက်ပွဲရလဒ်ကို ဒေသတွင်းက အမြင် (engage လုပ်ခွင့်ရတဲ့ အခွင့်အရေးကြောင့်) ပြောင်းလဲမှုရှိလာနိုင်သလား ဆိုတာကတော့ စောင့်ကြည့်ဖို့ကောင်းပါတယ်” လို့ မှတ်ချက်ပြုပါတယ်။

SCO ဟာ ဥရောပ-အာရှဒေသတွင်း လုံခြုံရေး၊ စီးပွားရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရာမှာ တရုတ်က ဦးဆောင်ပြီး ရုရှားရဲ့လွှမ်းမိုးမှုတွေရှိနေတဲ့ ပလက်ဖောင်းတခုလို့ ဆိုနိုင်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်ထဲမှာ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ရှိတဲ့အကြောင်း စစ်တပ်ဩဇာခံမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ စက်တင်ဘာ ၃ ရက် ပေကျင်းမြို့မှာ ကျင်းပမယ့် နှစ် ၈၀ ပြည့် ဂျပန်စစ်တပ် လက်နက်ချအညံ့ခံခြင်းနဲ့ ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း အထိမ်းအမှတ် စစ်ရေးချီတက်ပွဲကိုလည်း တက်ရောက်မယ်လို့ သိရပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013