
ဩစတြေးလျနိုင်ငံ ဆစ်ဒနီနဲ့ မဲလ်ဘုန်း အဓိကမြို့ကြီးတွေမှာ ဂျူးဘာသာရေးကို ဆန့်ကျင်တဲ့ မီးရှို့တိုက်ခိုက်မှု ၂ ခုကို အီရန်က လုပ်ခဲ့တယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီက တီဟီရန်ကို စွပ်စွဲလိုက်ပြီး ကင်ဘာရာဆိုင်ရာ အီရန်သံအမတ်ကို ၇ ရက်အတွင်း နှင်ထုတ်သွားမယ်လို့ ဩဂုတ် ၂၆ ရက်မှာ ဩစတြေးလျက ပြောပါတယ်။
ဩစတြေးလျ လုံခြုံရေးအေဂျင်စီဟာ အီရန်အစိုးရက အနည်းဆုံး တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ဖို့ ညွှန်ကြားထားတယ်လို့ ယုံကြည်ရလောက်တဲ့ ထောက်လှမ်းရေးအချက်အလက်ကို စုဆောင်းရရှိထားတယ်လို့ အယ်လ်ဘန်နီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အီရန်ဟာ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဖို့ကိုလည်း ညွှန်ကြားထားဖွယ်ရှိကြောင်း ဩစတြေးလျ လုံခြုံရေး ထောက်လှမ်းရေးအဖွဲ့က ပြောထားတယ်လို့လည်း သူကဆိုပါတယ်။
အယ်လ်ဘန်နီက “ဒါတွေဟာ ဩစတြေးလျမြေမှာ နိုင်ငံခြားတိုင်းပြည်က ကြိုးကိုင်ထားတဲ့ ထူးထူးခြားခြား အန္တရာယ်များတဲ့ ရန်လိုမှုမျိုးဖြစ်ပြီး လူမှုရေး စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင်လုပ်ဖို့ ကြိုးပမ်းမှုတွေပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
သြစတြေးလျဟာ တီဟီရန်ရှိ သူ့သံရုံးမှာ လုပ်ငန်းလည်ပတ်မှုတွေကို ဆိုင်းငံ့ထားပြီး သူ့သံတမန်တွေအားလုံး တတိယနိုင်ငံမှာ ဘေးကင်းကြောင်းလည်း ပြောဆိုပါတယ်။
သူ့အစိုးရဟာ တီဟီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးမှာဖြစ်ကြောင်းလည်း အယ်လ်ဘန်နီက ပြောဆိုပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အစ္စရေး-ဂါဇာစစ်ပွဲ စတင်ကတည်းက သြစတြေးလျ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဂျူးတရားဇရပ်တွေနဲ့ မော်တော်ကားတွေကို ဂျူးမုန်းတီးရေး ဖျက်ဆီးမှုတွေနဲ့ မီးရှို့မှုတွေမှာ ပစ်မှတ်ထားခံခဲ့ရပြီး အစ္စလမ်ဘာသာမုန်းတီးရေး ဖြစ်ရပ်တွေ မြင့်တက်လာခဲ့တာပါ။
ဩဂုတ် ၂၆ ရက်မှာ သြစတြေးလျရှိ အစ္စရေးသံရုံးဟာ ဂျူးလူမျိုးဆန့်ကျင်ရေး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အီရန်သံတမန်ကို နှင်ထုတ်ခြင်းနဲ့ တီဟီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တဲ့ သြစတြေးလျရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။
IRGC ဟာ သြစတြေးလျရှိ လူတွေကို ရာဇ၀တ်မှုကျူးလွန်ဖို့ ညွှန်ကြားနေကြောင်း လုံခြုံရေးအေဂျင်စီ ညွှန်ကြားရေးမှူးချုပ် မိုက်ခ် ဘားဂတ်စ်က ပြောကြားခဲ့ပါတယ်။
Source: Reuters