Home
အားကစား
ဗိုလ်လုပွဲတွင် အနိုင်ကစားရန် မြန်မာအမျိုးသမီးအသင်းကို စစ်ခေါင်းဆောင် တိုက်တွန်း
DVB
·
August 18, 2025
Photo: MFF

အာဆီယံချန်ပီယံရှစ် ဗိုလ်လုပွဲစဉ်မှာ နိုင်ပွဲအတွက် ရေကုန်ရေခန်း အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြဖို့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို အာဏာသိမ်း စစ်ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF MSIG Serenity Cup 2025 ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာအမျိုးသမီးအသင်းက ထိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲတက်သွားတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အာဏာသိမ်းစစ်ခေါင်းဆောင်  စစ်ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုငွေ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ချီးမြှင့်လိုက်ပြီး ဗိုလ်လုပွဲမှာ နိုင်ပွဲရအောင် တိုက်တွန်းလိုက်တာပါ။

“ပွဲစဉ်တွေအားလုံး ရှုံးပွဲမရှိ ကစားနိုင်ပြီး ဗိုလ်လုပွဲကို ထိုက်တန်စွာ ရောက်ရှိခဲ့လို့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသား အားလုံးအတွက် ဂုဏ်ယူပါတယ်။ စည်းလုံးညီညွတ်မှု အပြည့်နဲ့ ကြိုးစားခဲ့ကြလို့ အားရကျေနပ်မိပါတယ်။ ဗိုလ်လုပွဲစဉ်မှာ နိုင်ပွဲအတွက် ရေကုန်ရေခန်း အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြဖို့ တိုက်တွန်းပါတယ်။ ချန်ပီယံဆု ရရှိတာနဲ့ နိုင်ငံတော်ကလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရရှိတဲ့အချိန်မှာ ဗိုလ်လုပွဲအတွက် စနစ်တကျ အာရုံစိုက် လေ့ကျင့်ပြင်ဆင်ဖို့ မှာကြားလိုပါတယ်” လို့ စစ်ခေါင်းဆောင်က ပြောတဲ့အကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဩစတြေးလျ ယူ-၂၃ အမျိုးသမီး လူငယ်အသင်းနဲ့ ဩဂုတ် ၁၉ ရက်၊ မြန်မာစံတော်ချိန် ည  ၇ နာရီခွဲမှာ ယှဉ်ပြိုင်ကစားရမှာပါ။

မြန်မာအမျိုးသမီးအသင်းနဲ့ ဩစတြေးလျယူ-၂၃ အမျိုးသမီး လူငယ်အသင်းတို့ အုပ်စုပွဲစဉ်မှာ တွေ့ဆုံခဲ့ရာမှာတော့ မြန်မာအမျိုးသမီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

ဗိုလ်လုပွဲရောက်သွားတဲ့ မြန်မာအမျိုးသမီးအသင်းဟာ လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ ဒေါ်လာ ၃၀,၀၀၀ နဲ့ မြန်မာကျပ် သိန်း ၂,၀၀၀ ဆုငွေရရှိထားတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013