Home
နိုင်ငံတကာ
ဩစ​တြေးလျ အစိုးရက ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုမည်
DVB
·
August 11, 2025
Photo: REUTERS/Ajeng Dinar Ulfiana

လာမယ့် စက်တင်ဘာလအတွင်း သြစတြေးလျဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ရှိတယ်ဆိုပြီး ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီစ်က ဩဂုတ် ၁၁ ရက်မှာ အတည်ပြုပါတယ်။

ဒါကြောင့် မကြာခင် ကျင်းပသွားမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုရာမှာ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ တို့နဲ့အတူ ဩစတြေးလျလည်း ပါဝင်လာမှာပါ။

ဒါဟာ အစ္စရေး သိမ်းပိုက်ထားရာ အနောက်ဘက်ကမ်းမှာ တစိတ်တပိုင်း ထိန်းချုပ်ထားနိုင်တဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ဆီက ကတိကဝတ်ပြုမှုကို ရရှိခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီထဲမှာ စစ်ရေးလှုပ်ရှားမှု ကင်းစင်ရေး၊ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရေးနဲ့ အစ္စရေးတည်ရှိမှုအပေါ် ဆက်လက်အသိအမှတ်ပြုရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

အဲဒီနောက် “အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်မှုသံသရာ ချုပ်ငြိမ်းပြီး ဂါဇာက ပဋိပက္ခ၊ ဒုက္ခဆင်းရဲနဲ့ အငတ်ဘေးကို အဆုံးသတ်ဖို့ဆိုရင် ၂ နိုင်ငံ အတူယှဉ်တွဲနေထိုင်ရေး ဖြေရှင်းနည်းဟာ လူသားမျိုးနွယ်ရဲ့ အကောင်းဆုံးမျှော်လင့်ချက် ဖြစ်တယ်” လို့ အယ်လ်ဘန်နီစ် အနေနဲ့ မှတ်ချက်ပြုပါတယ်။

ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ နိုင်ငံတကာဖိအားတွေနဲ့ ထပ်တိုးရင်ဆိုင်နေရတဲ့ အစ္စရေးကတော့ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်ဝါဒအပေါ် ချီးမြှောက်ရာရောက်တယ်” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

အခုတပတ် စနေနေ့ကစလို့ နောက်ထပ် လူ ၅ ယောက်ကို သေဆုံးခဲ့တဲ့အလျောက် ဂါဇာဒေသမှာ အာဟာရချို့တဲ့မှုနဲ့ ငတ်မွတ်ခေါင်းပါးမှုအရ သေဆုံးသူ စုစုပေါင်း ၂၁၇ ယောက်အထိ ရှိလာခဲ့ပါတယ်။

ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ သမ္မတ မာမွတ် အာဘာ့စ် ကလည်း အနာဂတ်နိုင်ငံတော်မှာ ဟားမတ်စ်အဖွဲ့ကို ဘယ်လိုအခန်းကဏ္ဍမျိုးနဲ့မှ ပါဝင်ခွင့်ပြုမှာ မဟုတ်ကြောင်း ပြောထားပါတယ်။

အစ္စရေးရဲ့  အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန်ကတော့ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုဖို့ အစီအစဉ် မရှိသလို အဲဒီမှာ စနစ်တကျလည်ပတ်နိုင်တဲ့ အစိုးရလည်း မရှိသေးဘူးဆိုပြီး ဒု-သမ္မတ ဂျေဒီဗန့်စ်က ပြောကြားပါတယ်။

ဒါ့အပြင် စပိန်၊ အိုင်ယာလန်နဲ့ နော်ဝေ တို့ဟာ ပါလက်စတိုင်းနိုင်ငံအဖြစ် ပြီးခဲ့တဲ့နှစ်မှာ တရားဝင် အသိအမှတ်ပြုခဲ့ပါသေးတယ်။

လောလောဆယ်အထိ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံထဲက ၁၄၇ နိုင်ငံဟာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။

ဒါကြောင့် ပါလက်စတိုင်းဟာ “အမြဲတမ်းလေ့လာခွင့်ရတဲ့နိုင်ငံ” အဖြစ် ကုလအစည်းအဝေးတွေမှာ ပါဝင်ဆွေးနွေးနိုင်ပေမဲ့လည်း မဲပေးပိုင်ခွင့်တော့ မရှိသေးပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013