Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတနှင့် တွေ့ဆုံချိန်တွင် ထရမ့်ပ်က ကင်မ်ဂျုံအန်းကို ချီးကျူး
DVB
·
August 26, 2025
Photo: REUTERS/Brian Snyder TPX IMAGES OF THE DAY

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်နဲ့ တွေ့ဆုံခဲ့ချိန်မှာ မြောက်ကိုရီးယားအာဏာရှင် ကင်မ်ဂျုံအန်းကိုပဲ ထပ်တလဲလဲ ချီးကျူးသွားခဲ့ပြီး ဒီနှစ်ထဲမှာ ထပ်တွေ့လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဩဂုတ် ၂၆ ရက် အိမ်ဖြူတော်မှာ တွေ့ဆုံချိန် ဆယ်စုနှစ်ချီ ကြာမြင့်ပြီဖြစ်တဲ့ မဟာမိတ် တောင်ကိုရီးယားရဲ့ သမ္မတကို ဘေးမှာထားပြီးတော့ ထရမ့်ပ်က ကင်မ်ဂျုံအန်းနဲ့ သူနဲ့ ဘယ်လောက် ဆက်ဆံရေးကောင်းကြောင်း၊ မြောက်ကိုရီးယားနိုင်ငံဟာ အင်မတန်အလားအလာရှိတဲ့ နိုင်ငံဖြစ်ကြောင်းတွေချည်းပဲ အဓိက ပြောသွားခဲ့ပါတယ်။

တောင်နဲ့ မြောက် ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ ညှိပေးချင်ကြောင်းလည်း ကမ်းလှမ်းခဲ့ပါတယ်။

ပို့ကုန်တွေအပေါ် စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းပဲ ကောက်အောင်လို့ အမေရိကန်မှာ ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပါ့မယ်လို့ ဇူလိုင်လထဲမှာ တောင်ကိုရီးယားက ကတိပေးခဲ့ပါတယ်။

အဲဒီအထဲမှာ ဒေါ်လာ ၁၅၀ ဘီလီယံကို ကျဆင်းနေတဲ့ အမေရိကန် သင်္ဘောကျင်းလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သမ္မတ အီက ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်ကလည်း တရုတ်နဲ့ အမီလိုက်နိုင်အောင်လို့ သင်္ဘောကျင်းလုပ်ငန်းကို ပြန်နာလန်ထူအောင် လုပ်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာပဲ တောင်ကိုရီးယားလေကြောင်းလိုင်း Korean Air က အမေရိကန်ကုမ္ပဏီ ဘိုးအင်းကနေ လေယာဉ် ၁၀၃ စီး ဝယ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ Korea Air ရဲ့ သမိုင်းမှာ အကြီးဆုံး မှာယူမှုလည်း ဖြစ်ပါတယ်။

အီဟာ ထရမ့်ပ်နဲ့ တွေ့ဆုံအပြီးမှာ တောင်ကိုရီးယားနဲ့ အမေရိကန် ကုမ္ပဏီတွေရဲ့ စီအီးအိုတွေ ပါဝင်တဲ့ စီးပွားရေးဖိုရမ်မှာ တက်ရောက်ခဲ့ပါတယ်။

ထရမ့်ပ်က သူ့ပထမသက်တမ်းတုန်းက မြောက်ကိုရီးယားဘက်ခြမ်း စစ်မဲ့ဇုန်စည်းကို ကျော်ပြီး လမ်းလျှောက်ဝင်ခဲ့တာ၊ ကင်မ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကိုလည်း ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတသစ် တက်လာကတည်းက မြောက်ကိုရီးယားနဲ့ ညှိနှိုင်းဖို့ ထပ်တလဲလဲ ကြိုးပမ်းခဲ့တာဖြစ်ပေမဲ့ မြောက်ဘက်က ပယ်ချထားတာ ဖြစ်ပါတယ်။

အခု ထရမ့်ပ်က တွေ့ဆုံလိုကြောင်း ပြောကြားခဲ့အပြီးမှာလည်း မြောက်ကိုရီးယားဘက်က မတုံ့ပြန်ခဲ့ပါဘူး။

အမေရိကန်-မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာကိုကြည့်ရင် ဝါရှင်တန်ဟာ ကိုရီးယားကျွန်းဆွယ်ကို သိမ်းဖို့ ရည်ရွယ်တာဖြစ်ကြောင်း သက်သေပြနေတယ်လို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024