Home
နိုင်ငံတကာ
ထရမ့်ပ်နှင့်တွေ့ရန် တောင်ကိုရီးယားသမ္မတ အမေရိကန်သို့ ထွက်ခွာ
DVB
·
August 24, 2025
Photo: Kim Min-Hee/Pool via REUTERS

အမေရိကန်သမ္မတ ထရမ့်ပ်နဲ့တွေ့ဖို့ တောင်ကိုရီးယားသမ္မတ အီဂျေမြောင်ဟာ ဩဂုတ် ၂၄ ရက်နေ့မှာ ဝါရှင်တန်ကို ထွက်ခွာသွားပါတယ်။ 

ဒါဟာ ဂျပန်ဝန်ကြီးချုပ် အီရှီဘနဲ့ တိုကျိုမှာ ဆွေးနွေးခဲ့အပြီး အမေရိကန်ကို ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ 

အီဂျေမြောင်ဟာ တနင်္လာနေ့မှာ ထရမ့်ပ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှာ ဖြစ်ပြီး သူတို့ ၂ ဦးအတွက် ပထမဆုံးတွေ့ဆုံမှု ဖြစ်ပါတယ်။ 

ဒီတွေ့ဆုံမှုဟာ ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာမဟုတ်ဘဲ တောင်ကိုရီးယားနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားဟာ အမေရိကန်နဲ့ ပြီးခဲ့တဲ့လက သဘောတူညီမှုရခဲ့တာကြောင့် နျူလက်နက်ရှိတဲ့ မြောက်ကိုရီးယားအရေးက အိမ်ဖြူတော်တွေ့ဆုံပွဲရဲ့ အဓိက အကြောင်းအရာဖြစ်လာမှာပါ။ 

ဒါ့အပြင် ထရမ့်ပ်က တောင်ကိုရီးယားနိုင်ငံမှာ အခြေစိုက်တဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅၀၀ ကျော်အတွက် ငွေကြေးထောက်ပံ့မှုပေးဖို့ ပြောထားတာက အီဂျေမြောင်အတွက် အခက်အခဲဖြစ်စေတဲ့ ကိစ္စတခုလို့ ရိုက်တာက ဖော်ပြပါတယ်။ 

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲမှာ အမေရိကန်စစ်သားတွေကို စေလွှတ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိလည်း အမေရိကန်စစ်သားတွေ တောင်ကိုရီးယားမှာ ဆက်ပြီးတာဝန်ချထားတာ ဖြစ်ပါတယ်။ 

အီဂျေမြောင်ဟာ ဇွန်လ က တောင်ကိုရီးယားသမ္မတအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက် ပထမဆုံးနိုင်ငံတကာခရီးစဉ်အဖြစ် ဂျပန်ကို သွားရောက်ခဲ့ပြီး အရှေ့အာရှနိုင်ငံများအရေး၊ အမေရိကန်နဲ့လုံခြုံရေးဆိုင်ရာ ပိုပြီးပူးပေါင်းဆောင်ရွက်မဲ့ အရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။ 

တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ ၁၉၆၅ ခုနှစ်က စတင်ကာ သံတမန်ဆက်ဆံရေးရှိခဲ့တဲ့ နိုင်ငံတွေဖြစ်ပြီး လက်ရှိအချိန်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013