
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အညာတန်းရွာကို သြဂုတ် ၂၁ ရက် ညနေပိုင်းက စစ်တပ်က ဒရုန်းနဲ့လာရောက် ဗုံးကြဲတာကြောင့် နေအိမ် ၂ လုံးပျက်စီးသွားပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အညာတန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့လာရောက် ဗုံး ၂ လုံးကြဲတာကြောင့် နေအိမ် ၂ လုံးအပြင် သင်္ချိုင်းဇရပ်ပေါ်ကျခဲ့ပေမဲ့ လူတွေတော့ ထိခိုက်တာ မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဒရုန်းမကြဲခင် နေ့လယ်လောက်ကတော့ အညာတန်းနဲ့နီးတဲ့ ရှားတောကွင်းကနေ စစ်ကား FAW ကား ၂ စီးနဲ့ စစ်သားတွေလာတယ်။ ပြီးတော့ ဒရုန်းတွေဝဲနေတော့ သတိနဲ့နေနေကြတာ။ ညနေရောက်တော့ အညာတန်းဘက်ကို ဒရုန်းလာတာပဲ။ ဒရုန်းလာပြီဟေ့ဆိုပြီး အုပ်စုလိုက် အုပ်စုလိုက် မင်းထွန်းတို့အိမ်နောက်ဖေးလမ်းက ခြံလွတ်ကြီးထဲပြေးကြတာကို နောက်ကနေ ဒရုန်းကချလိုက်တော့ မင်းထွန်းတို့အိမ်ပေါ်တည့်တည့်ကျပြီး အိမ်ပျက်သွားတာ။ ဦးဖိုးဖြူအိမ်ကတော့ အစမှန်ပြီး တဝက်လောက်ပျက်သွားတယ်။ အဲ့ဒီအိမ်တွေက လူတော့မရှိကြဘူး။ မိသားစုလိုက်တခြားနိုင်ငံသွားပြီး အလုပ်လုပ်နေကြလို့ တော်သေးတယ်။ သုဿန်ဇရပ်ပေါ်ကျတဲ့တလုံးကတော့ ဘေးကဓာတ်တိုင်ယိုင်သွားတယ်။”
ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖို၊ ကြို့ပင်ကောက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လာရောက်နေထိုင်တယ်ဆိုပြီး စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြပါတယ်။
ဒေသခံတွေကတော့ ကျေးရွာအတွင်းမှာတော့ လာရောက်နေထိုင်တဲ့ PDF တွေ မရှိဘူးလို့ ပြောပါတယ်။
သြဂုတ် ၂၀ ရက် ညကလည်း ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ သရက်ကုန်းရွာက လင်မယား သေဆုံးခဲ့ပါတယ်။