
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းကြီးရွာကို သြဂုတ် ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီက ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့လို့ နေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ကွေ့ချောင်းကြီးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး လက်နက်ကြီးနဲ့လည်း ၉ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“နေ့လယ် ၁ နာရီလောက်ကစပြီး လက်နက်ကြီးနဲ့ အရင်ပစ်တာ။ လယ်ကွင်းတွေထဲရယ်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကြားကို ကျတာ။ အိမ်တွေကို မထိဘူး။ ညနေ ၄ နာရီလောက်မှ ဒရုန်းနဲ့လာချသွားတာ။ အိမ်တလုံး ထိသွားတယ်။ ရွာမှာက အဲဒီလို လက်နက်ကြီး ကျတာမျိုးတွေဘာတွေလည်း တခါမှ မဖြစ်ဖူး၊ မကြားဖူးတော့ အပြင်မထွက်ရဲကြဘူး။ ဘယ်ပြေးရမှန်းလဲ မသိဘူး။ ဒရုန်းလာတာတောင် မမြင်ဖူးကြတော့ ထွက်ကြည့်ကြတဲ့လူတွေ ရှိတယ်။”
ကွေ့ချောင်းကြီးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်တာတွေ စတင်ပြုလုပ်လာတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပြီး ရွာအတွင်းက လူအချို့လည်း ရှောင်တိမ်းနေကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက အုတ်ဖိုတာဆုံကနေ ကွေ့ချောင်းကြီးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဖြစ်ပြီး ကွေ့ချောင်းကြီးရွာက အုတ်ဖိုမြို့နယ် ရန်ကုန်-ပြည် ကားလမ်းအရှေ့ဘက် ၃ မိုင်အကွာမှာ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် သြဂုတ် ၂ ရက် ညပိုင်းကလည်း စစ်ကောင်စီက အုတ်ဖိုမြို့နယ်၊ အိုင်ကြီးထောင့်ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီးတယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။