
မကွေးတိုင်း၊ ဆိပ်ဖြူမြို့အနောက်ဘက်ခြမ်းက ရွာပေါင်း ၆ ရွာလောက်ကို ဩဂုတ် ၁၉ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က Y-12 တိုက်ခိုက်ရေး ဂျတ်လေယာဉ်နဲ့ ကျွန်းတော၊ ကျွန်းချောင်း၊ အင်ကြီး၊ ပိုင်း၊ ဝန်ကြီး၊ ရှားလှ စတဲ့ရွာပေါင်း ၆ ရွာလောက်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကျွန်းတောရွာမှာ အရပ်သား ၃ ယောက်နဲ့ ရှားလရွာက အရပ်သား ၄ ယောက် စုစုပေါင်း ၇ ယောက် သေဆုံးကာ ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအထိ ရွာ ၂ ရွာရဲ့ သေဆုံးထိခိုက် စာရင်းကိုသာ သိရသေးပြီး စာရင်းထပ်ပြီး တိုးလာနိုင်တယ်လို့ အခြေနေကို သိရှိတဲ့ ဆိပ်ဖြူမြို့နယ်က ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“Y-12 တစင်းနဲ့ ဆိပ်ဖြူအနောက်ခြမ်းက ရွာပေါင်း ၆ ရွာလောက်ကို ပတ်ပြီး ဗုံးကြဲသွားတာ။ လောလောဆယ် ကျွန်းတောနဲ့ ရှားလှမှာ သေဆုံးတဲ့သူ အရေတွက်လောက်ပဲ ရသေးတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ သေဆုံး ထိခိုက် အတိကျက အခု စုံးစမ်းမေးမြန်းနေတုန်းပဲ။ ကျန်တဲ့ ရွာတွေမှာလည်း သေဆုံးထိခိုက် ရှိတယ်လို့ ကြားတယ်။”
ဗုံးကြဲခိုက်မှုကြောင့် ကျန်တဲ့ ၄ ရွာ သေဆုံးထိခိုက်သူ ရှိမရှိဆိုတာကို ဆက်လက် စုံးစမ်းနေဆဲ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့နယ်ပေါင်း ၆၃ မြို့နယ်အား စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် စစ်တပ်က အဲဒီမြို့နယ်တွေက အရပ်သား ပစ်မှတ်ကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးတာတွေပါ လုပ်ဆောင်နေတာပါ။
DVB က ပြုစုထားတဲ့ စာရင်းတွေအရ ဩဂုတ် ၁၁ ရက်ကနေ ၁၇ ရက်အထိ ၁ ပတ်အတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် အပါဝင် ၆၉ ယောက် သေဆုံးခဲ့ပါတယ်။