Home
မြန်မာသတင်း
ပုဂံဒေသကို အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်တပ်က စစ်ကြောင်းထိုး၊ ဒေသခံများ တိမ်းရှောင်
DVB
·
August 19, 2025

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို စစ်တပ်က အင်အား ၅၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၂ ကြောင်း ထိုးနေတဲ့အတွက် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရပါတယ်။

ဩဂုတ် ၁၁ ရက်က တောင်ဇင်းနယ်မြေရဲစခန်းကနေ ရွာသစ်တောင်နဲ့ ချောင်ရှည်ရွာဘက်ကို စစ်သည် အင်အား ၃၀၀ စစ်ကြောင်းဝင်ရောက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အဲဒီစစ်ကြောင်းက ဩဂုတ် ၁၈ ရက်မှာလည်း စန်းကန်ကျေးရွာက ပြည်သူ ၅ ယောက်ကို ဖမ်းဆီးထားပြီး မနေ့ ညနေ ၅ နာရီဝန်းကျင်မှာ ချောက်မြို့ကနေ တင့်ကား ၂ စီးနဲ့ စစ်ကောင်စီတပ်သား အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ စဥ့်ကူရဲစခန်းမှာ အထိုင်ချကာ အနီးဝန်းကျင် ကျေးရွာတွေကို လှည့်ပတ်သွားနေတယ်လို့  ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ညောင်ဦးမြို့ထဲမှာလည်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေကြောင့် ပေါ်တာဆွဲတာတွေအပြင် ‌ကျေးရွာတွေဘက်က လူငယ်တွေကိုပါ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ စစ်ရေးမပြုလုပ်ဖို့ ၂၀၂၂ ခုနှစ်က ကြေညာထားခဲ့ပြီး စစ်တပ်ကတော့ ၂၀၂၅ ခုနှစ် ဇွန်လဆန်းပိုင်းကစပြီး ပုဂံဒေသ၊ ညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာပါ။

ညောင်ဦးမြို့နယ်က ကာကွယ်ရေးရဲဘော်တယောက်က “NUG အစိုးရရဲ့ ထုတ်ပြန်ချက်မှာလည်း ပါပြီးသား၊ ယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ထိန်းသိမ်းတဲ့အနေနဲ့ ကျနော်တို့က ဒီဒေသနဲ့တဝိုက်မှာ စစ်ရေးရှောင်ရှားပါမယ်ဆိုပြီး စီမံချက်တွေရှိပြီးသား။ တရားဝင်လည်း ဒီပုံစံအတိုင်းပဲ မထိခိုက်တဲ့နည်းနဲ့ ဆောင်ရွက်ရတဲ့အခါမှာ အခက်အခဲကတော့ရှိတယ်။ ကျနော်တို့ဒေသမှာ ပိုပြီးတော့ အခက်အခဲများတယ်။ ကျနော်တို့ဒေသမှာ နဂိုကတော့ ငြိမ်တယ်ဆိုတော့ ပြည်သူတွေက‌ တော်တန်ရုံနေရာတွေကနေ ဘယ်မှမသွားကြဘူး။ ကိုယ့်နေရာကိုယ် နေကြတာ။ အခုက တော်တော်လေးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်လာတော့ မတိမ်းမရှောင်ဘဲနေကြတဲ့ လူငယ်တွေဆိုရင် တော်တော်များများကို ဆွဲတာတွေဘာတွေ ပိုပြီးတော့ လုပ်လာတယ် ရွာတွေဘက်မှာဆိုရင်၊ မြို့တွေဘက်မှာရော” လို့ ပြောပါတယ်။

ဒီနှစ်အတွင်းမှာတော့ ပုဂံဒေသကို စစ်တပ်က စစ်အင်အားဖြည့်တာတွေ၊ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒီနှစ်အတွင်းမှာ စုဖွဲ့မှုအားကောင်းလာပေမဲ့ ယဉ်ကျေးမှုနယ်မြေဖြစ်တဲ့အတွက် စစ်ရေး ဖော်ဆောင်ဖို့ကတော့ အကန့်အသတ်တွေ ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

ညောင်ဦးမြို့နယ်ကို တပ်မ ၈၈ လက်အောက်ခံတပ်တွေနဲ့ ကျောက်ပန်းတောင်းမြို့နယ်ဘက်က စစ်တပ်တွေက အဓိက စစ်ကြောင်းထိုးနေသလို မြင်းခြံမြို့နယ်က ပျူစောထီး သီတာယုမွန်ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကပါ အင်အားဖြည့်နေပါတယ်။

စစ်ကြောင်းဝင်ရောက်နေတဲ့ နေရာအနီးက ရွာသစ်တောင်၊ စပါးသင်၊ အနောက်အုံးချောင်ရှည်ရွာ၊ အုတ်လှေကား၊ ပန်ကုံပင်၊ စုတည်၊ ပြည်တော်သာ၊ မီးလောင်ဖျား စတဲ့ရွာတွေ အပါအဝင် ကျေးရွာ ၁၀ ရွာက  ပြည်သူ ၁၀,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်‌တွေက ပြောပါတယ်။

ညောင်ဦးမြို့နယ်က စစ်ဘေးရှောင်ပြည်သူတယောက်က “အခုလာတာက တင့်ကား ၂ စီးနဲ့လာတဲ့ စစ်ကြောင်း၊ တင့်ကား ၂ စီးနဲ့ အင်အား အတော်များတယ်။ မနက်ကတော့ ဈေးကုန်းအထိ ထွက်လာတော့ ဒီဘက်ကိုလာမလားလို့လေ။ သူက တပ်မဘက်ကို ရေနံမှော်ကိုလည်း သွားနိုင်တယ်၊ သူတို့လမ်းကြောင်း ဘယ်ကိုသွားမယ် မသိသေးဘူး။ အခုတော့ စခန်းထဲမှာ ပြန်ဝင်သွားတုန်း။ ပြည်သူ ၅ ယောက်ကိုလည်း ဖမ်းပြီးတော့ စန်းကန်ရွာထဲမှာပဲ ရှိနေတုန်းပဲ။ အခုက စစ်ကြောင်း ၂‌ ကြောင်းဆိုတော့ စဉ့်ကူနားလေးက မီးတောင်ပြာတို့ ပြည်တော်သာရွာတို့ပေါ့နော်။ စဉ့်ကူမြို့ပေါ်ကတော့ အထိုင်ချထားတာဆိုတော့ မြို့ပေါ်ကလူတွေက အပြင်မထွက်ဘူးပေါ့။ ဘေးနားကရွာတွေကတော့ ရှောင်နေရတာပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း ညောင်ဦးမြို့နယ်မှာ စစ်တပ်ဘက်က လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ကြောင်းထိုးကာ လူနေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013