
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသကို စစ်တပ်က သြဂုတ် ၁၉ ရက်မှာ ဗုံးထပ်ကြဲတာကြောင့် ပြည်သူ ၄ ယောက် ထိခိုက်မိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၁၉ ရက် မနက် ၆ နာရီ ၁၀ မိနစ်မှာ Y12 လေယာဥ်နဲ့ ၃ နေရာကို ဗုံး ၅ လုံးထက်မနည်း ကြဲချ တိုက်ခိုက်တာကြောင့် ပြည်သူတွေ ထိခိုက်မိပြီး ၂ ယောက်က စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “၃ နေရာ ဗုံးကြဲတာ ၂ နေရာက သိရတယ်။ လိုခါးလိုနဲ့ ကျောက်ကြား ရပ်ကွက်ပေါ့နော်၊ အဲဒီမှာ အကုန်လုံး ၄ ယောက် ထိတယ်။ လိုခါးလိုမှာ တယောက် ထိခိုက်တယ်၊ နောက်တနေရာမှာ ၃ ယောက် ထိတယ်၊ ၃ ယောက်မှာ ၂ ယောက်က ဒဏ်ရာပြင်းတယ်” လို့ ပြောပါတယ်။
သြဂုတ် ၁၇ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ကလေးငယ် ၅ ယောက် အပါအဝင် ပြည်သူ ၃၄ ယောက်အထိ သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိတဲ့အပြင် ဆေးရုံနဲ့ ဒေသခံတွေရဲ့ နေအိမ်များစွာလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံတွေနေတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
မော်ချီးဒေသကို အခုတခေါက် အပါအဝင် လေကြောင်းကနေ ဗုံး ၁၁ ကြိမ်အထိ ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ အယောက် ၅၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။