
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးက ကျေးရွာတွေကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲနေတာကြောင့် ကျေးရွာတချို့က ဒေသခံတွေ ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကြိုးပြင်တောင်ရွာက နေအိမ်အတွင်းရှိ အသက် (၆၀) ဝန်းကျင် အမျိုးသမီး တယောက် သေဆုံးပြီး အမျိုးသား တယောက် စိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်းက ကိုအောင်ခန့်ဇော်က “သြဂုတ် ၁၈ ရက်နေ့ နေ့လယ် ၂ နာရီကျော်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာ မိုးကြိုးပြင်ကျေးရွာက အသက် ၆၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီး ဗုံးထိမှန်သေဆုံးတယ်။ အမျိုးသားတဦးနဲ့ နောက် အမျိုးသမီးတဦး ဒဏ်ရာတွေရရှိပြီး ဒေသခံတချို့ ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်” လို့ ပြောပါတယ်။
သြဂုတ် ၁၆ ရက်ကလည်း ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးအစောင့် တပ်သားက ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်ပြီး ကျောက်ဖြူတိုင်ရွာနေ တောင်ယာလုပ်ကိုင်တဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ ပါတယ်။
သြဂုတ် ၁၆ ရက်မှာပဲ တော်လှန်းရေးတပ်ဖွဲ့တွေနဲ့ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ စောင့်နေတဲ့ စစ်တပ်နဲ့ အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာတွေကို ထွက်ပြေးခဲ့ကြရပါတယ်။