
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ထဲက ကြို့ကိုးပင်ရွာ၊ ကိုင်းကြီးရွာနဲ့ သရက်ကုန်းရွာကို စစ်တပ်က သြဂုတ် ၂၀ ရက် ညမှာ ဒရုန်းနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် လင်မယား ၂ ယောက် သေဆုံးသွားပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဒရုန်းနဲ့လာရောက်ဗုံးကြဲတာကြောင့် သရက်ကုန်းရွာက အသက် ၄၇ နှစ်အရွယ် ဦးဇော်မင်းဦးနဲ့ ဇနီးဖြစ်သူ အသက် ၄၉ နှစ်အရွယ် ဒေါ်မော်တို့ သေဆုံးသွားခဲ့ပြီး ကလေး ၂ ယောက်ပဲ ကျန်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အမျိုးသားကတော့ နေရာမှာတင်ပဲ ပွဲချင်းပြီးဆုံးသွားတယ်။ အမျိုးသမီးကတော့ ဆေးရုံသွားရင်း လမ်းမှာပဲ ဆုံးသွားတာပါ။ ၁၂ တန်းတက်နေတဲ့ သားလေးတယောက်နဲ့ ၆ တန်းတက်နေတဲ့ သမီးလေးပဲ ကျန်ခဲ့တယ်။ အလယ်ကုန်းတံတားအရှေ့ကနေ ချိန်ပစ်တာ။ ဒရုန်းအပြင် ၁၂၀ မမတွေနဲ့လည်း ပစ်တယ်။”
စစ်တပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ကျေးရွာအတွင်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သြဂုတ် ၂၁ ရက် မနက်ကစပြီး ကျေးရွာအနီးမှာ တပ်အင်အားထပ်မံ တိုးမြှင့်ထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် သြဂုတ် ၁၉ ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က စက်တပ်လေထီးအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက်နဲ့ ၁၀ နှစ်အရွယ် ကလေးတယောက် သေဆုံးခဲ့ပါတယ်။