
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ယာဥ်တန်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ များတယ်လို့ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ဆီက သိရပါတယ်။
သြဂုတ် ၁၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းရွာနဲ့ ဝကုန်းရွာကြား ဘဲ့မဲ့တပ်တောင်အနီးမှာ ထားဝယ်မြို့ဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ် ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ အဆိုပါစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ သင်္ကန်းတုန်းရွာမှာ တိုက်ပွဲ ၇ နာရီလောက် ထပ်မံဖြစ်ပွားခဲ့တယ်လို့ DNLA ဆီက သိရပါတယ်။
၂ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်က ၇ ယောက် သေဆုံးပြီး ၃ ယောက် အရှင်ဖမ်းဆီးနိုင်ခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တယောက် သေဆုံးခဲ့ပါတယ်။
ဒ့ါအပြင် တိုက်ပွဲအတွင်း စစ်ယာဥ်တန်းမှ စစ်ကား ၁၀ စီးစလုံး ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ပြီး ကား ၃ စီးအတွင်းမှ MA-1 သေနတ် ၄ လက်၊ G3 သေနတ် ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
DNLA တာဝန်ရှိသူတယောက်က “ကျနော်တို့နဲ့တိုက်တဲ့ အင်အား ၁၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းက ၁၉ ရက်နေ့မှာ ပြန့်သွားတယ်။ ပြန့်သွားပြီးတော့ ထားဝယ်ဘက်ကလာတဲ့ စကစတွေနဲ့ ပြန်ပေါင်းပြီး ၂၁ ရက်နေ့ (မနေ့က) မှာ စစ်ကြောင်းထပ်ထိုးတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များတယ်။ အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
သြဂုတ် ၂၁ ရက်နေ့မှာ စစ်တပ်ဘက်က ထားဝယ် အရှေ့တောဒေသကို ထပ်မံ စစ်ကြောင်းထိုးနေပြီး လေကြောင်းနဲ့လည်း ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ DNLA ဆီက သိရပါတယ်။