
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် တိုက်ပွဲတွေဖြစ်လာမှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
ဩဂုတ် ၁၇ ရက်ည ၈ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့အနောက်ပိုင်း ငါးထပ်ကြီး၊ ဘုရားဖြူမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။
တိုက်ပွဲ ၂ နာရီနီးပါး ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် စစ်ကိုင်းမြို့ပေါ်က ဘုန်းကြီးကျောင်းတချို့မှာ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့ပေါ် မဟာခိုနန်း ပရိယတ္တိစာသင်တိုက်ကိုလည်း ကျည်ဆန်ထိမှန်ခဲ့ပြီး ကိုရင်ငယ်တပါး နားထင် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလို စစ်တပ် စိုးမိုး ထိန်းချုပ်ထားတဲ့ စစ်ကိုင်းမြို့ပေါ်မှာပါ တိုက်ခိုက်မှု လုပ်လာနိုင်ပြီဖြစ်လို့ တော်လှန်ရေးတိုးတတ်မှုရေချိန်မြင့်လာပြီလို့ စစ်ကိုင်း PDF တာဝန်ရှိသူ ကိုစစ်ငြိမ်းနိုင်က ပြောပါတယ်။
“မြို့ထဲမှာ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းမှာ စကစဘက်က ရှောင်တခင်စစ်ဆေးတာတွေ စစ်ဘက်ဆိုင်ရာ လုံခြုံရေးကိစ္စတွေ တိုးမြှင့်ထားတာတွေ့ရတယ်ဗျ။ မန္တလေးဘက်ကနေလည်း လူတွေထပ်ပို့ထားတယ်လို့ သိရပါတယ်ဗျ။ မြို့တွင်းမှာတောင် တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နိုင်နေပြီဆိုတော့ ကျနော်တို့ရဲ့ တော်လှန်ရေးလားရာ ရေချိန်က တဖြည်းဖြည်းတိုးလာပြီလို့ ပြေလို့ရပါတယ်ဗျ။ မြို့ထဲမှာတိုက်ပွဲတွေဖြစ်လာပြီဆိုရင် ပြည်သူလူထု အနေနဲ့ စစ်ရေးအသိသတိနဲ့နေထိုင်ကြဖို့ သတင်းစကားပါးလိုပါတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကိုင်းမြို့ထဲမှာ စစ်တပ်က လုံခြုံရေးတင်းကျပ်ချထားပြီး လမ်းတွေမှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကိုင်းတံတားမှာလည်း စစ်ဆေးမှုတွေ ကြပ်မတ်လုပ်ဆောင်နေပြီး မန္တလေးမြို့ဘက်ကနေ စစ်ကိုင်းမြို့ထဲကို စစ်အင်အားဖြည့်တင်းနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မြို့ခံတွေအနေနဲ့လည်း စစ်ကိုင်းမြို့ထဲမှာ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်နေကြပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားရတယ်လို့ စစ်ကိုင်းမြို့က ဈေးဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။
စစ်ကိုင်းမြို့ခံတယောက်က “နည်းနည်း ရုတ်ရုတ်ဖြစ်ရင်တော့ မြို့ထဲကရှင်းသွားတာပေါ့။ အရောင်းအဝယ်တွေလည်း ပါးပြီးမဖြစ်တော့ဘူးပေါ့။ အခြေအနေကတော့ ထူးပြီးတော့ ရောင်းရတယ်မရှိဘူး။ မရောင်းရဘူးလည်းမဟုတ်ဘူး။ ပါးတာတော့ အရင်ကတည်းကပါ။ တိုက်ပွဲတွေဖြစ်လာတော့လည်း ကံတရားပေါ့လေ။ သူများပြေးရင်တော့ ကိုယ်ပြေးရမှာပေါ့။ ကျနော်တို့က ဆုံးရှုံးမှုများမှာပေါ့ ဆိုင်ဖွင့်ထားတာဆိုတော့။ ဖြစ်လာရင်တော့ အသက်လုပြေးရုံရှိတာပေါ့။ ပစ္စည်းတွေက ဒီတိုင်းပစ်ထားခဲ့ရမှာ၊ ဆိုင်ကတော့ သော့ခတ်ထားရမှာ ကံတရားပေါ့နော်”လို့ ပြောပါတယ်။
စစ်ကိုင်းမြို့တွင်းကိုတော့ စစ်ကောင်စီတပ်က အပြည့်အဝထိန်းချုပ်ထားပြီး စစ်မှုထမ်းအတွက် ပေါတာဆွဲဖမ်းဆီးမှုတွေရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
သီရိ