
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို စစ်တပ်က သြဂုတ် ၂၀ ရက်က စတင်ပြီး ၂ ရက်တာ မီးရှို့နေတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ကန့်ဒေါင့်ရွာစခန်းကို ပြန်လည်ရယူဖို့ အင်မထီး ပျူရွာဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းကို အင်အားဖြည့်ဖို့ ဇီးဖြူကုန်း ပျူရွာကနေ ထွက်လာတဲ့စစ်ကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
မင်းတိုင်ပင်ရွာသားတယောက်က “အဲ့စစ်ကြာင်းက ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက ဇီးဖြူကုန်းပျူရွာကနေ ထွက်လာတဲ့ စစ်ကြောင်းဗျ။ အဲဒီ ဩဂုတ်လ ၁၆ ရက်နေ့က ငှက်ပျောတောရွာကို ဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ယူပြီး ဇီးဖြူကုန်းရွာဘက်ကို သယ်ပို့တယ်ဗျ။ ဩဂုတ်လ ၁၇ ရက်နေ့ကျတော့ ငှက်ပျောတောရွာကို မီးရှို့တယ်။ ဩဂုတ်လ ၁၈ ရက်နေ့မှာလည်း ထပ်ပြီး အဲကိုမီးရှို့တယ်။ ဩဂုတ်လ ၁၉ ရက်နေ့အထိ ငှက်ပျောတောရွာမှာ တပ်စွဲပြီး ဩဂုတ်လ ၂၀ ရက်နေ့ မနက်ခင်းပိုင်းမှာ ကျနော်တို့ မင်းတိုင်ပင်ရွာကို စစ်ကြောင်းထိုးလာပြီး ရွာကို မီးရှို့တော့တာပဲဗျ။ လက်ရှိကတော့ ရွာကို မီးရှို့နေတာ ၂ ရက်အထိ ရှိနေပြီဗျ။ ရွာအိမ်တွေကတော့ မကျန်တော့လောက်ပါဘူး” လို့ ပြောပါတယ်။
ပုလဲမြို့နယ်နဲ့ ၆ မိုင်အကွာမှာ တည်ရှိတဲ့ မင်းတိုင်ပင်ရွာဟာ အိမ်ခြေ ၁,၀၀၀ နီးပါးရှိပြီး စစ်တပ်ရဲ့ လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတာခံရသလို စစ်ကြောင်းထိုး မီးရှို့တာလည်း အကြိမ်ကြိမ်ခံနေရတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသတွင်း တော်လှန်ရေးခေါင်းဆောင်တယောက်က “ကျနော်တို့ ဒရုန်းယာဉ်နဲ့ ကြည့်ရသလောက်ကတော့ ဈေးဆိုင်တန်းမှာရှိတဲ့ ဈေးဆိုင်တွေ၊ ပြည်သူနေအိမ်တွေ မီးရှို့နေတာဗျ။ ရွာမှာရှိတဲ့ အိမ်အကုန်လုံးကို ရှို့မယ့်သဘောရှိတယ်။ အခုလည်း ရွာရဲ့ ၃ ပုံပုံ ၂ ပုံနီးပါးခန့်ကို သူတို့မီးရှို့ပြီးပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လက်ရှိအချိန်မှာ မင်းတိုင်ပင်ရွာအတွင်း တပ်စွဲနေထိုင်ပြီး ဇီးဖြူကုန်း၊ အင်မထီး၊ ကန့်ဒေါင့် စတဲ့ အနီးအနားက မင်းတိုင်ပင်ကကျေးရွာ အပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်လည်း ဒီနေ့အထိ ရက်ရှည် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။